Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူများ န၀မတန်းအောင်မြင်ခြင်း ရှိ၊ မရှိ သေချာစိစစ်ရမည်

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူများ န၀မတန်းအောင်မြင်ခြင်း ရှိ၊ မရှိ သေချာစိစစ်ရမည်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမည့် သူများကို န၀မတန်းအောင်မြင်ခဲ့ခြင်း ရှိ၊ မရှိသေချာစစ်ဆေးပြီးမှ ဖြေဆိုခွင့်လျှောက်လွှာတင်သွင်းခွင့်ပြုရန် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် မြို့နယ်ပညာရေးမှူးများသို့ ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန်မှ ပြောသည်။

ကျောင်းသား/သူအချို့သည် အခြားကျောင်းတစ်ကျောင်းတွင် န၀မတန်းတက်ရောက်ခဲ့ပြီး န၀မတန်းမအောင်မြင်ဘဲ အခြားကျောင်းတစ်ကျောင်းတွင် ဒသမတန်းပြောင်းရွှေ့တက်ရောက်ကာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းမှုများ ယခင်နှစ်များက ကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။

ထို့ကြောင့် မိဘအလုပ်အကိုင်ပြောင်းရွှေ့ခြင်း၊ မြို့နယ်ပြောင်းရွှေ့နေထိုင်ခြင်းများကြောင့် အခြားကျောင်းများမှ န၀မတန်းအောင်မြင်ထားပြီး မိမိကျောင်းတွင် ဒသမတန်းတက်ရောက်နေသူများ ရှိပါက စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာတွင် ထိုသူ၏ န၀မတန်းအောင်မြင်ပြီးဖြစ်ကြောင်း ကျောင်းထွက်လက်မှတ်မိတ္တူကိုပါ ကျောင်းအုပ်ကြီးများက တင်ပြရမည် ဖြစ်သည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၂၈ ရက်နောက်ဆုံးထားကာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ဘာသာတွဲအလိုက် ပန်းရောင်နှင့် အစိမ်းရောင် ကတ်ပြားများဖြင့် ခွဲခြားသတ်မှတ်ထားရာ ကတ်ပြားအရောင် မှားယွင်းဖြည့်စွက်မိပါက ပြင်ဆင်ခွင့်ပြုမည်မဟုတ်ဟု ကြေညာထားသည်။

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများသည် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ ဖြေဆိုခွင့်လျှောက်လွှာရယူလျှောက်ထားနိုင်သည်။

ပြင်ပမှ ဖြေဆိုမည့် သူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ လျှောက်လွှာများ ရယူလျှောက်ထားနိုင်သည်ဟု စာစစ်ဦးစီးဌာနက ကြေညာထားသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 2154 times