Sales Hotline : 09448001653       Download App



စာကျက်ရဲ့သားနဲ့ စာမေးပွဲမှာ အမှတ်တွေမကောင်းတာ ဘယ်လိုဖြေရှင်းမလဲ

စာကျက်ရဲ့သားနဲ့ စာမေးပွဲမှာ အမှတ်တွေမကောင်းတာ ဘယ်လိုဖြေရှင်းမလဲ

ကိုယ့်ကလေး ကျောင်းကနေ အမှတ်တွေ သိလာတယ်၊ ကိုယ်မျှော်လင့်ထားသလိုလဲ အမှတ်တွေက မကောင်းနေဘူး။ သူ စာသေချာကျက်သွားတာလည်း ကိုယ်အသိဆုံးပဲ၊ ဒါဆို ဘာဖြစ်လို့ပါလိမ့်။

ဒါကတော့ မိဘတိုင်း ကျောင်းသားတိုင်း ကြုံတွေ့နေရတဲ့ ပြသနာတစ်ခုပါ။ ကျောင်းသားတော်များများအတွက်ကတော့ စာကျက်ရဲ့သားနဲ့ ဘာလို့အမှတ်တွေမကောင်းတာလဲဆိုတော့ စာကိုထိထိရောက်ရောက်ကျက်တတ်တဲ့ အလေ့အကျင့် မရှိလို့ပဲ ဖြစ်ပါတယ်။

စာကျက်တိုင်းလုပ်ဖြစ်နေတဲ့ အလေ့အကျင့်ဆိုးများကို ကိုင်တွယ်ခြင်း

စာပိုတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ့်ကလေးရဲ့ လက်ရှိစာကြည့်နည်းကို အရင်ကြည့်ရပါမယ်။ သူဘယ်ဘာသာရပ်မှာအားနည်းနေလဲ (ဒါမှမဟုတ် ဘာကိုပိုအားစိုက်ပြီး လုပ်နေလဲ) ဆိုတာသိရင် စာနဲ့ပတ်သက်ပြီး ဘာပြသနာပဲရှိရှို ဖြေရှင်းနိုင်ပါတယ်။

သူနဲ့အသင့်တော်ဆုံး စာကျက်နည်းကို ရှာတွေ့ဖို့ဆိုတာကလည်း အမြဲစောင့်ကြည့်နေမှ သိရတာမျိုးဖြစ်ပြီး စာကျက်နည်းအမှန်ဆိုတာလည်း တစ်ခုတည်းရှိတာမဟုတ်ပါဘူး။ ဒါပေမယ့် စာအရမ်းတော်တဲ့ကျောင်းသားတိုင်းမှာ သူတို့ကျင့်သုံးလေ့ရှိတဲ့ အလေ့အကျင့်ကောင်းလေးတွေ ရှိတတ်ကြပါတယ်။

ကိုယ့်ကလေးကို စာပိုတော်လာစေချင်ရင်တော့ သူ့ရဲ့အကျင့်ဆိုးတွေကိုဖျောက်ပစ်ပြီး အကျင့်ကောင်းတွေကို မွေးမြူလေ့ကျင့်ပေးပါ။

စာနဲ့ပတ်သက်လာရင် ရှောင်ရှားရမယ့် အကျင့်ဆိုး ၁၁ ခု… ပြီးတော့ အဲ့ဒီအကျင့်ဆိုးတွေကို ဘယ်လိုပြင်မလဲ

၁။ Plan မရှိပဲ စာစကြည့်ခြင်း

ဘယ်လိုပြင်မလဲ။ သင့်ရဲ့ကလေး စာစမလုပ်ခင်မှာ အဲ့နေ့အတွက် ဘယ်ဘာသာရပ်၊ ဘယ်အခန်းတွေပြီးရမယ်ဆိုတာ ဖော်ပြတဲ့ Study Plan လေးဆွဲပါ။ ဘယ်ဘာသာရပ်ပြီးရင်တော့ဖြင့် ဘယ်အခန်းကိုအလွတ်ပြန်နိုင်၊ ရေးနိုင်ပြီးဆိုတာကို ပြနိုင်တဲ့ Goal လည်းရှိရပါမယ်။

၂။ စာ/အိမ်စာများကို နီးမှကပ်လုပ်ခြင်း

ဘယ်လိုပြင်မလဲ။ ။ ဘယ်အိမ်စာ ဘယ်နေ့ထပ်ရမလဲဆိုတာကို အားလုံးချရေးထားပါ။ပြီးရင် တစ်ခုချင်းကို ဘယ်နေ့ ဘယ်အချိန်မှာ လုပ်ရမလဲဆိုတာ ကလေးနဲ့တူတူ ပြင်ဆင်ပါ။  အိမ်စာတွေကိုလည်း အနည်းဆုံး တစ်ပတ်မတိုင်ခင်မှာစပြီး နည်းနည်းချင်းစီ လုပ်သွားနိုင်ပါတယ်။ ဒီလိုမှ နီးရင်လုပ်ရမှာတွေများပြီး ထုံသွားတာမျိုးမဖြစ်မှာပါ။

၃။ စာလုပ်ရမယ့်အချိန်မှာ စာထိုင်လုပ်နေပေမယ့် ဘယ်စာမှ သေချာမပြီးပြတ်ခြင်း

ဘယ်လိုပြင်မလဲ။ တစ်နေ့တာရဲ့ ဘယ်အချိန်တွေမှာ သင့်ကလေး စာရအမြန်ဆုံးလဲဆိုတာကို စောင့်ကြည့်ပြီး အဲ့ဒီအချိန်မှာ စာလုပ်ခိုင်းပါ။ တချို့ကျောင်းသားတွေက မနက်ပိုင်းမှာ ဘယ်စာပဲလုပ်လုပ် ဥာဏ်အထက်ဆုံး ဖြစ်နေတတ်ပါတယ်။ တချို့ကျတော့လည်း ညဘက်စာလုပ်ရင် စာအရဆုံး ဖြစ်ကြပါတယ်။  

၎။ လူမှုကွန်ယက်နဲ့ ဖုန်းများကြောင့် စာကောင်းကောင်းမလုပ်ဖြစ်ခြင်း

ဘယ်လိုပြင်မလဲ။ လူမှုကွန်ယက်အကောင့်တွေကနေ sign out လုပ်ပြီး ဖုန်းပိတ်ထားပါ။ သူငယ်ချင်းတွေနဲ့ message ပို့တာတို့ ဖေ့ဘွတ်တစ်ချက်ဝင်ကြည့်တာတို့ကို စာလုပ်ရင်း ခဏနားတဲ့အချိန်မှာသာ ဖွင့်ကြည့်ပါ၊ အဲ့နေ့အတွက် အစီအစဉ်ဆွဲထားတဲ့ စာတွေအားလုံးပြီးသွားတဲ့ အချိန်ကျမှဖွင့်ကြည့်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

၅။ တီဗွီရှေ့မှာ စာကြည့်ခြင်း

ဘယ်လိုပြင်မလဲ။ ကလေး အနှောင့်အယှက်ကင်းကင်းနဲ့ စာလုပ်နိုင်အောင် အိမ်ရဲ့လူသွားအနည်းဆုံးနေရာကို ရွေးပြီး စာကြည့်တဲ့နေရာအဖြစ်  သတ်မှတ်ပေးပါ။ သူစာလုပ်တဲ့နေရာ သတ်သတ်မှတ်မှတ်ရှိတော့ မြန်မြန် စာစလုပ်ဖြစ်တာပေါ့၊ မဟုတ်ရင် စာကြည့်မယ့်နေရာရွေးဦး စာအုပ်သယ်ဦးနဲ့ ကြာနေတတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကလေးရဲ့အိပ်ခန်းကို စာကြည့်ခန်းလုပ်တာမျိုး ရှောင်ပါ၊ ဒီနေရာက သူနားမယ့်၊ အိပ်မယ့်နေရာပဲ ဖြစ်သင့်ပါတယ်။

၆။ စာမေးပွဲဖြေမယ့်ညမှ ခေါင်းထဲစာရိုက်သွင်းပြီးကျက်ခြင်း

ဘယ်လိုပြင်မလဲ။ ။ စာမေးပွဲဖြေခါနီးပြီဆိုတာသိတာနဲ့ Revision ကို စောစောလေးစပြန်ပါ၊ ညတိုင်း နည်းနည်းချင်းစီ လုပ်သွားခိုင်းပါ။ Revision ကြာကြာလုပ်ခြင်းက စာတွေကို ပိုမှတ်မိနေစေပြီး သူသိပ်မရသေးတဲ့ ဘာသာရပ်တွေအတွက်လည်း အချိန်ကျန်စေပါတယ်။ Review ဆိုတာ စာအသစ်ကျက်တာမျိုး မဟုတ်တဲ့အတွက် ကိုယ့်မှာအိမ်စာတွေရှိနေရင်လည်း Study Plan အချိန်ဇယားအတိုင်း အိမ်စာနဲ့ revision တွဲလုပ်ရမှာပဲ ဖြစ်ပါတယ်။

၇။ နားမလည်တာရှိရင် ဆရာမကို မမေးပဲနေခြင်း

ဘယ်လိုပြင်မလဲ။ ကိုယ့်ကလေးကျောင်းမှာ ဘာတွေသင်ခဲ့တယ်ဆိုတာကို ညတိုင်း မိနစ်အနည်းငယ်လောက်ပေးပြီး လေ့လာကြည့်ပါ။ပြီးရင် သူနားမလည်တဲ့အရာအားလုံးကို မှတ်စုလေးရေးပေးပြီး ဆရာမကို နောက်နေ့သွားမေးခိုင်းပါ။  

၈။ စာကို နားလည်ဖို့ ကျက်တာမျိုးမဟုတ်ပဲ၊ မှတ်မိနေဖို့သာ မျက်စိမှိတ်နှုတ်တိုက် ကျက်နေခြင်း

ဘယ်လိုပြင်မလဲ။ စာမေးပွဲဖြေနိုင်ဖို့ နှုတ်တိုက်အလွတ်ကျက်နေမယ့်အစား ကလေးကို သူသိတဲ့၊ သင်ခဲ့တဲ့အရာတွေနဲ့ ဆက်စပ်ပြီး နားလည်အောင်ကျက်ဖို့ တိုက်တွန်းပေးပါ။ သင်နေရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီ်း တတ်နိုင်သမျှ ထဲထဲဝင်ဝင် နားလည်အောင် သူ့အနေနဲ့ ဆက်စပ်စဉ်းစားတတ်အောင် Mind Map လေး လုပ်ပေးနိုင်ပါတယ်။

၉။ ကိုယ်စီစဉ်ထားတဲ့အတိုင်း (Agenda) ဘယ်တော့မှ မလုပ်ဖြစ်ခြင်း

ဘယ်လိုပြင်မလဲ။ တစ်လလောက် သူစီစဉ်ထားတဲ့အတိုင်း နေ့တိုင်းစာလုပ်ရမယ်ဆိုပြီး Goal လေးတစ်ခုလောက် ထားကြည့်ပါ။ အိမ်စာ၊ စာမေးပွဲ၊ ပရောဂျက် စတာတွေပြီးရမယ့် ရက်ကို ချရေးပါ။ သူ့အနေနဲ့ အဲ့လို Agenda (Agenda ၊ Planner ဆိုပြီး စာအုပ်လေးတွေ အလွယ်တကူ ၀ယ်လို့ရပါတယ်) လေးထဲမှာ လုပ်ရမယ့်အရာအားလုံး ချရေးတတ်တဲ့ အလေ့အကျင့်လေးရပြီဆိုတာနဲ့ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်ဘာသာပြီးအောင် လုပ်ရမယ်ဆိုတာကို အလွယ်တကူသိရှိပြီး အဲ့အတိုင်းလိုက်လုပ်ခြင်းအားဖြင့် စာတွေလည်း အချိန်မှီပြီးလာပါလိမ့်မယ်။

၁၀။ စနစ်တကျမရှိသော မှတ်စုများ ထားရှိခြင်း

ဘယ်လိုပြင်မလဲ။ ပထမဆုံးလုပ်ရမှာက ဘာသာရပ်တစ်ခုချင်းစီရဲ့ မှတ်စုတွေကို ဖိုဒါ၊ ဖိုင်သက်သက်စီမှာ ထားပါ။ပြီးရင် မှတ်စုကို ထိထိရောက်ရောက် ဘယ်လိုထုတ်ရလဲဆိုတာကို စလေ့ကျင့်ပါ။ မှတ်စုရေးနည်းပေါင်းစုံ အသုံးပြုကြည့်ပါ။ နောက်ဆုံးမှ ကိုယ့်ကလေးနဲ့ အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်ပါ။

၁၂။ အမှားကနေ မသင်ယူတတ်ခြင်း

ဘယ်လိုပြင်မလဲ။ စာတော်တဲ့ကျောင်းသားတွေက သူတို့ရဲ့အမှားတွေကနေ ပြန်သင်ယူတတ်ကြပါတယ်။ တကယ်လို့ သင့်ကလေးက စာမေးပွဲမှာပဲဖြစ်ဖြစ် test မှာပဲဖြစ်ဖြစ် အမှတ်ကောင်းကောင်းမရခဲ့ဘူးဆိုရင် အရှုံးမပေးပဲ နောက်ထပ် ထပ်ကြိုးစားဖို့သာ အားပေးပါ။ အဲ့ဒီအတွေ့အကြုံကို အသုံးချပြီး၊ သူအားနည်းတဲ့နေရာနေရာတွေကို ပိုတိုးတက်လာအောင်လုပ်ပြီး နောက်တစ်ကြိမ် စာမေးပွဲတွေမှာ ဒီထက်ပိုကောင်းအောင်လုပ်ပါ။

Source: OxfordLearning

Tips Read 4220 times