Sales Hotline : 09448001653       Download App



ပြင်ပနိုင်ငံသို့ ပညာတော်သင်ထွက်မည့် ကျောင်းသား/သူများအတွက် အကြံပေးချက်များ

ပြင်ပနိုင်ငံသို့ ပညာတော်သင်ထွက်မည့် ကျောင်းသား/သူများအတွက် အကြံပေးချက်များ

 

နိုင်ငံခြားပညာတော်သင်ထွက်ခြင်းဟာ ကျောင်းသူကျောင်းသားများအတွက်ရော စေလွတ်ဖို့ ဆုံးဖြတ်ချက်ချတဲ့ မိဘများ အတွက်ပါ အရာရာဟာ အစိမ်းသက်သက် ဖြစ်နေတတ်ပါတယ်။

ပညာတော်သင်ပြန်လာတဲ့ ကျောင်းသူကျောင်းသား ( ၂၆ ) ဦးကို သေသေချာချာ စုံစမ်းမေးမြန်းပြီး ၄င်းတို့၏ အတွေ့အကြုံများနှင့် ဆောင်ရန်ရှောင်ရန်များကို ပညာတော်သင်ထွက်မည့်သူများအတွက် တည်းဖြတ် စုစည်းတင်ပြပေးလိုက်ရပါတယ်။

၁။ ကိုယ်ပညာသင်ဖို့ အဓိကရည်ရွယ်ချက်ကို ဘယ်တော့အခါမှ မမေ့ပါနှင့်၊ ပစ္စည်းဝယ် ( Shopping ) ၀ယ်ထွက်တာ မဟုတ်သလို၊ သူများအတွက် ပစ္စည်းဝယ်ပေးတာမျိုးလည်း မပြုလုပ်ပါနှင့်၊ သင် weekend မှာ ကောင်းကောင်းအနားယူလို့ရတယ်။ သူငယ်ချင်းတွေနဲ့ ထွက်လည်လို့ ရတယ်။ ရုပ်ရှင်ကြည့်လို့ရတယ်။ အဆောင်မှာ ရုပ်ရှင်ကို ညဥ့်နက်အောင်ကြည့်ချင်ရင် ကြည့်လို့ရတယ်။ ဒါပေမဲ့ weekday ကို weekday လို ကောင်းကောင်းအသုံးချရပါမယ်။ စိတ်ငြိမ်ငြိမ် ထားတတ်ရပါမယ်။

၂။ သူငယ်ချင်းတွေက စာလုပ်တာ အရေးမကြီးပါဘူးလို့ ပြောပြရင် မယုံပါနှင့်၊ ပညာသင်ယူခြင်းဟာ အလွန်အရေးကြီးပါတယ်။ အမှတ်တွေကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ်နောင်တစ်ချိန်ချိန်မှာ နောင်တမရစေအောင် အချိန်ရတမျှ ကြိုးစားထားသင့်ပါတယ်။

၃။ ကျောင်းမှာရှိတဲ့ အရင်းအမြစ် ကို အပြည့်အ၀ အသုံးချပါ။ စာကြည့်တိုက်ထဲက စုဆောင်းထားတဲ့ စာအုပ်တွေ၊ ပညာထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမကောင်းတွေ၊ အတတ်နိုင်ဆုံး အသုံးပြုနိုင်အောင် နည်းလမ်းရှာဖွေပါ။ ကြိုးစားပါ။

၎။ ပညာတော်သင်ထွက်တယ်ဆိုတာ ပညာသင်ဖို့ သက်သက်မဟုတ်ပဲ၊ အမြင်ကျင်ပြန့်ဖို့၊ အသိကောင်း မိတ်ဆွေကောင်း တိုးပွားဖို့ အခွင့်အရေးကောင်း ဖြစ်တတ်ပါတယ်။ နောင်တစ်ချိန်ချိန်မှာ အလုပ်ထွက်လုပ်ရင် ဒါတွေအားလုံးဟာ ဘ၀အတွက် အဖိုးမဖြတ်နိုင်တဲ့ အဆက်အတွယ်တွေ ဖြစ်သွားပါတယ်။

၅။ အခက်အခဲ တွေ့ရင် လွယ်လွယ်နဲ့ အရူံးမပေးပါနှင့်၊ အခက်အခဲကိုလည့်း မရှောင်ကျဉ်ပါနှင့်၊ တောက်ပတဲ့ အောင်မြင်မူ ရဲ့ နောက်ကွယ်မှာ လူတိုင်း အခက်အခဲ များစွာ ကြုံဖူးကြပါတယ်။ အတွေ့အကြုံ ရှိတဲ့ အကိုအမတွေကို မေးမြန်းပါ။ အကြံအဥာဏ်တောင်းပါ။ ကိုယ်တွေ့နေတဲ့ အခက်အခဲ တော်တော်များများဟာ သူတို့ ကျော်ဖြတ်ခဲ့တဲ့ အခက်အခဲ တွေနဲ့ ဆင်တူနေတတ်ပါတယ်။

၆။ သူငယ်ချင်းတွေကို အရမ်းမအားကိုးပါနှင့်၊ မည်သူမျှ ကိုယ့်ကို ကူညီဖို့ တာဝန်မရှိပါဘူး။ ကိုယ့်ကိုကို လည်းကာကွယ်တတ်ရပါမယ်။ ကိုယ့်စည်းနဲ့ ကိုယ် ဖြစ်သင့်ပါတယ်။ ကျေးဇူးသိတတ်ရပါမယ်။ ဒါမေမဲ့ အားမနာသင့်တဲ့ မည်သည့်အရာကိုမဆို၊ မည်သူ့ကိုမဆို အားမနာတတ်အောင် သတိထားပါ။

၇။ သူငယ်ချင်းဖြစ်ဖြစ်၊ အသိမိတ်ဆွေ ဖြစ်ဖြစ် ရုတ်တရက် ပိုက်ဆံပြတ်တဲ့ အခါမျိုး ကြုံရတတ်ပါတယ်။ ပိုက်ဆံချေးပေးရင် သေသေချာချာ စဉ်းစားပါ။ သတိကြီးပါ။ ချေးပြီးရင်လည်း အကြွေးတောင်းဖို့ အားမနာပါနှင့်။

၈။ ကိုယ်ရေးရာဇ၀င် ( Resume ) တင်ပြစရာ အကြောင်းပေါ်လာလျင် အတတ်နိုင်ဆုံး အမှန်ကန်ဆုံး ဖြစ်ပါစေ။ အထင်ကြီးအောင် မရှိခဲ့တဲ့၊ မလုပ်ခဲ့တဲ့ အကြောင်းအရာမျိုးကို မရေးထည့်ပါနှင့်။ အလိမ်ပေါ်သွားရင်၊ ရှေ့နောက်မညီ ဖြစ်သွားရင် ပေးဆပ်ရတာ ကြီးလေးလွန်းလို့ပါ။

၉။ ပိုက်ဆံတအားလိုတာမျိုး မဟုတ်ဘူးဆိုရင် သူများကို ပစ္စည်းဝယ်ပေးတာမျိုး၊ အပြင်မှာ အလုပ်ထွက်လုပ်တာမျိုး၊ သူများကို ကျော်ငြာလုပ်ပေးတာမျိုး လုံးဝမပြုလုပ်ပါနှင့်။ အချိန်ဟာ သင့်အတွက် အရမ်းအရေးကြီးသလို လူဆိုတာ ကိုယ့်ကိုကို ချစ်တတ်ရပါတယ်။

၁၀။ စာကြည့်တိုက်ဟာ သင်အကြွမ်းဝင်ဆုံး နဲ့ အသွားအများဆုံးနေရာ ဖြစ်သင့်ပါတယ်။

၁၁။ ယောင်္ကျားလေး မိန်းခလေး အကြားမှာ သူငယ်ချင်းမေတ္တာ စစ်စစ်၊ မေတ္တာသန့်သန့် ဆိုတာ မရှိသလောက် ရှားပါးပါတယ်။

၁၂။ လူအများရှေ့ထွက်ပြီး စကားပြောဖို့ ကြုံလာပါက စကားအသုံးအနူန်း၊ ဝေါဟာရ အသုံးအနူန်းကအစ ကြိုတင်ပြင်ဆင်ပါ။ ဘာမှမပြင်ဆင်ပဲ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ပြောလို့ရတယ် ဆိုတဲ့ ကြွားလုံးမျိုးကို အားမကျပါနှင့်၊ မည်သူအဆို အပြည့်အ၀ လေ့ကျင့်ပြီးမှ စကားပြောကောင်းသူများ ဖြစ်လာကြတာချည်းပါပဲ။

၁၃။ သင့်ကို ကူညီဖို့ လိုတာထက် ပိုပြီးအားတက်သရောရှိတဲ့လူ၊ အနောက်တိုင်းဝတ်စုံကို စမတ်ကျကျ အမြဲဝတ်ဆင်ပြီး၊ အတွေးအခေါ်တို့၊ Communication တို့ ပါးစပ်ဖျားကနေ မချတဲ့လူ များကို သတိထားဆက်ဆံပါ။

၁၄။ မိမိတစ်ယောက်တည်း နေထိုင်တတ်အောင် ကြိုးစားပါ။ အရေးကြီးတဲ့ ကိစ္စရပ်များကို သုံးကြိမ်ပြောဆိုပါ။

၁၅။ လုပ်သင့်တဲ့ အလုပ်ကို ပြီးပြတ်အောင် အရင်လုပ်ပါ။ ပြီးမှ လုပ်ချင်တဲ့ အလုပ်ကို လုပ်ပါ။

၁၆။ မိမိ၏ ကျန်းမာရေးကို အထူးဂရုပြုပါ။ အထူးသဖြင့် သွားကိုဂရုစိုက်ပါ။ သွားကိုက်ရင် ဆရာဝန်ရှာရတဲ့အလုပ် အင်မတန်ရူတ်ပါတယ်။ ဈေးလည်းအရမ်းကြီးပါတယ်။

၁၇။ အထီးကျန်တတ်ပါစေ။ အထီးကျန်ခြင်းနဲ့ အကျွမ်းဝင်ပါစေ။ ဆက်ဆံရေးအတွက်နဲ့ သူများနဲ့ ဆက်ဆံတာမျိုး မလိုအပ်ပါ။ သူများ၏အကြိုက်ကိုလည်း လိုက်စရာမလိုပါ။ အမြဲတမ်းတစ်ဖျစ်တောက်တောက် သတိပေးတတ်တဲ့ မိဘက ဘေးမှာမရှိလေတော့၊ ပြင်းလို့၊ ငြီးငွေ့လို့၊ တစ်ယောက်တည်းမနေတတ်လို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ ပျက်ဆီးသွားတဲ့ ကျောင်းသူကျောင်းသား၊ (သို့) လိုရာမရောက်လိုက်တဲ့ ကျောင်းသူကျောင်းသားများ မနည်းလှပါ။

၁၈။ လူမျိုးရေးဆန်သည်မဟုတ်ပါ။ သုံးသင့်တဲ့ပိုက်ဆံကိုလည်း မချွေတာသင့်ပါ။ လူမဲအများစု နေထိုင်တဲ့ရပ်ကွက်၊ ဗီယက်နာမ်လူမျိုး အများစု နေထိုင်တဲ့ ရပ်ကွက် ၊ နိုင်ငံခြား ကာယအလုပ်သမားများ စုစည်းနေထိုင်တဲ့ရပ်ကွက်၊ စသည့်နေရာများဟာ ဈေးပေါပေမဲ့ ငှားရမ်း မနေထိုင်သင့်ပါ။ ဖြစ်နိုင်ရင် ကိုယ့် မြန်မာနိုင်ငံ သားအချင်းချင်း၊ ကိုယ်အတွင်းသိ အချင်းချင်း စုပေါင်းပြီး အတူ နေထိုင်သင့်ပါတယ်။

၁၉။ လောင်းကစားရုံများ လုံးဝမသွားပါနှင့်၊ စက္ကူဖဲက အစ အရမ်းစွဲလန်းလွယ်လို့ပါ။

၂၀။ ညပါတီများ၊ ညဆိုင်များ မသွားပါနှင့်၊ Facebook က သူငယ်ချင်းတွေ၊ အင်တာနက်ထဲကနေ ခင်မင်တဲ့ သူငယ်ချင်း၊ Wechat သူငယ်ချင်း တွေကို အပြင်မှာ လွယ်လွယ်နဲ့ မတွေ့ဆုံပါနှင့်၊ မယုံလွယ်ပါနှင့်။

၂၁။ ကိုယ့်ကိုကို Full Time Student ဖြစ်တယ်ဆိုတာ ဘယ်တော့ အခါမှ မမေ့လျော့ ပါနှင့်၊ စာကြိုးစားခြင်း၊ အမြင်ကျယ်ပြန့်အောင် လေ့လာခြင်း၊ ကျောင်းသူကျောင်းသားကောင်း၊ ဆရာဆရာမများကောင်းများထံ ပညာဗဟုသုတ ရအောင်ဆည်းပူးခြင်း စသည်တို့ ဟာ အဓိကရည်ရွယ်ချက်ဖြစ်တယ်ဆိုတာ အမြဲ သတိရှိနေသင့်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Ref: Wechat (Aung Ko Latt)

Tips Read 2284 times