Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယအဆင့် (သိပ္ပံ) ရရှိသူ မစုရည်ဝင်း နှင့် တွေ့ဆုံခြင်း

တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယအဆင့် (သိပ္ပံ) ရရှိသူ မစုရည်ဝင်း နှင့် တွေ့ဆုံခြင်း


မေး - ညီမအခုလို မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ဒုတိယအမှတ်အများဆုံး ရအောင် ကြိုးစားထားတဲ့အပိုင်းလေးတွေ ပြောပြပေးပါဦး။

ဖြေ - နှစ်စကတည်းက ညီမ မြန်မာတစ်နိုင်ငံလုံး 1 to 10 စာရင်းထဲပါရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ ကျူရှင်တွေရော ကျောင်းစာမေးပွဲတွေမှာပါ အမှတ်ကောင်းကောင်းရအောင် ဖြေဆိုခဲ့ပါတယ်။

အဲဒီလိုရည်မှန်းချက်တွေကို နှစ်စကတည်းကထားပြီး ကြိုးစားခဲ့တာပါ။ အခုလို အောင်စာရင်းထွက်လာတဲ့အချိန် ဒုတိယရမယ်လို့ မမှန်းထားပါဘူး။ မမျှော်မှန်းထားဘဲ ရရှိခဲ့တာကြောင့်လည်း အရမ်းကို ဂုဏ်ယူဝမ်းသာရပါတယ်။

မေး - ကိုယ်က အဲဒီလို ရည်မှန်းချက်ထားတာကြောင့် တစ်ခါတလေမှာ အဲဒီရည်မှန်းချက်က ကိုယ့်အတွက် ဖိအားတွေ ရော ဖြစ်စေလား။

ဖြေ – တစ်ခါတလေမှာတော့ ကိုယ့်ရည်မှန်းချက်က ကိုယ့်အတွက် ဖိအားလို ဖြစ်စေတာမျိုးတွေ၊ ကြုံရတာတွေလည်း ရှိပါတယ်။ အဲလိုအချိန်မျိုးမှာမှာ ပါပါး (အဖေ)နဲ့ မာမား (အမေ) တို့က ရှေ့ဆက်ပြီး အကောင်းဆုံး ကြိုးစားဖို့ပဲအားပေးခဲ့ပါတယ်။ အမှတ်တွေနည်းတဲ့အခါ ကိုယ်စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာလည်း ဖေးမပြီး အားပေးပါတယ်။

မေး - ကိုယ်ကရော ဘယ်ဘာသာရပ်တွေကို အားနည်းပြီး ဘယ်ဘာသာရပ်တွေကို အားသာလဲဆိုတာ ပြောပြပေးပါ။

ဖြေ – ညီမ အားသာတဲ့ ဘာသာရပ်တွေက အင်္ဂလိပ်စာနဲ့ ရူပဗေဒပါ။ အားနည်းတဲ့ဘာသာရပ်ကတော့ သင်္ချာဖြစ်ပါတယ်။ အဲဒါကြောင့် သင်္ချာကို ပိုလုပ်ဖြစ်တယ်။ အထပ်ထပ်အခါခါ ပြန်တွက်တယ်။ လေ့ကျင့်တယ်။ မေးခွန်းဟောင်းတွေကိုလည်း ပြန်လေ့လာတယ်။ သင်္ချာဆရာ၊ ဆရာမတွေ သင်ကြားပြသပေးတာကိုလည်း ဂရုစိုက်ပြီး သေချာနားထောင်ဖြစ်ပါတယ်။

မေး - စာကိုရော ဘယ်လိုအချိန်ဇယားတွေဆွဲပြီး လုပ်ဖြစ်လဲ။

ဖြေ – အဲဒီလို အချိန်ဇယားဆွဲပြီး လုပ်ဖြစ်တာမျိုးတော့မရှိပါဘူး။ ကိုယ်ပိုင်စာကျက်ချိန်များအောင်ထားပါတယ်။ တစ်နေ့ကို ကိုယ်ပိုင်စာကျက်ချိန် ငါးနာရီလောက်ထားပါတယ်။ မိဘတွေက အချိန်ဇယားဆွဲပေးတာမျိုးတော့

မရှိပါဘူး။ ကိုယ်အားနည်းတဲ့ဘာသာကိုလည်း အမှတ်မနည်းရအောင် အားသာတဲ့ ဘာသာတွေကို လည်း ပိုရအောင် ကြိုးစားခဲ့ပါတယ်။

မေး - ဒီနှစ်မှာ မေးခွန်းလေးတွေ လှည့်ထားတာတွေမှာရော ကိုယ့်အတွက် အခက်အခဲတွေ ရှိခဲ့လား။

ဖြေ – ဥာဏ်စမ်းပုဒ်စာတွေတွေ့ရင်တော့ စိတ်လှုပ်ရှားခဲ့တာတွေ ရှိပါတယ်။ အဲဒီလိုအချိန်မှာလည်း ဘုရားကို အာရုံပြုပြီး ကိုယ်ကျက်မှတ်ခဲ့တာတွေကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ သေချာပြန်စဉ်းစားခဲ့တာကြောင့် အရမ်းကြီးတော့ အခက်အခဲတွေ သိပ်မရှိပါဘူး။

READ - ၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံး အမှတ်အများဆုံး မသင်းမြနွေးနှင့် တွေ့ဆုံခြင်း

မေး - မိဘတွေကရော ကိုယ့်ကို ဘယ်လိုဂရုစိုက်တာမျိုးတွေရှိလဲ။

ဖြေ – မိဘနှစ်ပါးစလုံးကတော့ ညီမကို ကျန်းမာရေးပိုင်းကိုရော စာကျက်တဲ့ အပိုင်းတွေကိုပါ သေချာဂရုစိုက်ပါတယ်။ မာမားကလည်း အိပ်ချိန်စားချိန်မှန်အောင် လည်း လုပ်ပေးတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့လည်း

သင်ပေးတယ်။ အလှူအတန်းတွေကိုလည်း ညီမစာမေးပွဲမှာ အဆင်ပြေချော့မွေ့အောင် ပြုလုပ်ပေးကြပါတယ်။ ဘုရားဂုဏ်တော်တွေကိုလည်း သေချာသင်ပေးတယ်။ ကိုယ်တိုင်လည်း မိဘတွေ ပြောတာတွေ နားထောင်တယ်။

ညီမကိုယ်တိုင်လည်း ဘာသာရေးကို သေချာလုပ်ဖြစ်တယ်။ ဘုရားဂုဏ်တော်တွေကိုလည်း ညီမနေ့စဉ် ရွတ်ဆိုပူဇော်ပါတယ်။

မေး - ကိုယ်ကရော ရှေ့ဆက်ပြီး ဘယ်ကျောင်းဆက်တက်သွားမှာလဲ။

ဖြေ- ညီမက နှလုံးအထူးကုဆရာဝန်မကြီးတစ်ယောက် ဖြစ်ချင်ပါတယ်။ ညီမ ရည်မှန်းချက်ထားတတ်တဲ့အရွယ်လောက်ကတည်းက ဖြစ်ချင်ခဲ့တာပါ။ ညီမအဖေကလည်း ဆရာဝန်ပါပဲ။ ငယ်ငယ်ကတည်းက ညီမတစ်နေ့တော့

ဆရာဝန်တစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ပဲ ကျောင်းမှာ ကြိုးစားခဲ့တာဖြစ်ပါတယ်။

မေး - ငယ်ငယ်ကတည်းက အခုချိန်ထိ ကျောင်းမှာ ရရှိခဲ့တဲ့ ဆုတွေကိုလည်း ပြောပြပေးပါ။

ဖြေ – အရမ်းကြီးတော့ထူးခြားတဲ့ မှတ်တိုင်မျိုးတွေတော့ မရှိခဲ့ပါဘူး။ သူငယ်တန်းမှာ ပထမ၊ ပထမတန်းမှာ ဒုတိ၊ ဒုတိယတန်းမှာ ပထမ၊ တတိယတန်းမှာတော့ ဆုမရခဲ့ပါဘူး။ စတုတ္ထတန်းမှာတော့ သတ္တမ၊ ပဉ္စမတန်းမှာတော့

ဒသမ၊ ဆဌမတန်းမှာ ဆုမရခဲ့ပါဘူး။ သတ္တမတန်းမှာ အဆင့်ငါး၊ အဌမတန်းမှာတော့ တတိယဆုနဲ့ ဒဂုံ (၁) မှာ တက်ဖြစ်တာပါ။

မေး - စာကိုရော ဘယ်သူတွေနဲ့ လုပ်ဖြစ်လဲ။

ဖြေ – သူငယ်ချင်းတွေနဲ့ လုပ်ဖြစ်တာများပါတယ်။

မေး- မိဘတွေက ကိုယ့်ကို အကောင်းဆုံးပံ့ပိုးပေးခဲ့တာဆိုတော့ မိဘတွေကို ဘာများပြောချင်လဲ။

ဖြေ – အရင်ဆုံးပြောချင်တာကတော့ ညီမကို မွေးထုတ်ပေးပြီး အခုလို ထူးချွန်အောင် ပညာတွေ သင်ကြားပေးလို့ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်။ ဘ၀မှာ စိတ်ညစ်စရာတွေကြုံလာရင်လည်း အားပေးတယ်။

ယဉ်ကျေးအောင်လည်း သင်ကြားပေးခဲ့ပါတယ်။ အဲဒါကြောင့် အရမ်းကျေးဇူးတင်ပါတယ်။

မေး - အခုမှ ၁၀ တန်းတက်ရောက်မယ့် ညီငယ်၊ ညီမငယ်တွေကိုရော ဘာပြောချင်လဲ။

ဖြေ – အဓိကကတော့ စာကိုကြိုးစားပါ။ တစ်နေ့စာတစ်နေ့ကို အကြွေးမထားပါနဲ့။ ဆရာ၊ ဆရာမတွေသင်ကြား ပေးတာတွေကိုလည်း သေသေချာချာ နားထောင်ပါ။ ကိုယ်နားမလည်တာရှိရင်လည်း ပွင့်ပွင့်လင်းလင်း မေးပါလို့

ပြောချင်ပါတယ်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိခဲ့သော မောင်သုတရဲမိုး

source: democracy

 

News Read 3322 times