Tips
Wednesday, 03 April 2019 16:06
မိဘတွေ မိမိတို့သားသမီးနောင်ရေးအတွက် တွေးရခက်နေသော မေးခွန်းများ???
မိမိတို့၏ ရင်သွေးငယ်များကို တိုးတက်နေသောခေတ်နှင့်အညီ နောက်မကျစေချင်သောဆန္ဒများကြောင့်
Friday, 22 March 2019 15:31
ကမ္ဘာပေါ်ရှိ အကောင်းဆုံး တက္ကသိုလ် ၅ ခု
Tuesday, 19 March 2019 10:07
Global English Course အကြောင်းနှင့်ပတ်သက်သည့်အမေးအဖြေ
မေး- Global English Course က ဘယ်လိုသင်တန်းမျိုးလဲ။ ဖြေ - Global English Course က ဘွဲ့လွန်ဒီပလိုမာသင်တန်းဖြစ်ပါတယ်။ Level ၅ ခုတက်ရပါမယ်။ Basic Level, Intermediate Level, Upper Intermediate Level, Advanced Level I, Advanced Level II တို့ဖြစ်ပါတယ်။ Level တစ်ခုစီကို (၁၂)ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။ Level (၅)ခုလုံး ပြီးသွားရင် Diploma in English ကိုချီးမြှင့်မှာဖြစ်ပါတယ်။ သင်တန်းတစ်ခုလုံးပြီးဖို့ (၁)နှစ်ခွဲမှ (၂) နှစ်အတွင်း ကြာမြင့်ပါမယ်။ ယခုလက်ရှိသင်တန်းကြေးက Level တစ်ခုစီအတွက် ကျပ် ၅၀ဝ၀ဝ (ငါးသောင်းကျပ်) ဖြစ်ပါတယ်။ မေး - Level တစ်ခုတက်ပြီးရင် အောင်လက်မှတ် ထုတ်ပေးပါသလား။ ဖြေ - မပေးပါ။ ထောက်ခံစာလိုချင်သူများကို ထောက်ခံစာထုတ်ပေးပါတယ်။ မေး - Basic Level က စတက်ရမှာလား။ ကြားဖြတ်ပြီး intermediate, Upper Intermediate တို့က စတက်လို့ရပါသလား။ ဖြေ- မရပါဘူး။ ကျောင်းသားအားလုံးက Basic Level စတက်ရမှာပါ။ မေး- Basic Level တက်ဖို့ စာမေးပွဲဖြေဆိုရပါသလား။ ဖြေ - မဖြေဆိုရပါ။ Online မှာ လျှောက်လွှာတင်ပြီးသွားရင် တက်ရောက်ခွင့်ရသူများကို Online မှာ ကြေငြာပေးပါမယ်။ မေး - ဘယ်လိုအချိန်တွေမှာ သင်တန်းတက်ရောက်နိုင်ပါသလဲ။ ဖြေ - သင်တန်းတက်ရောက်နိုင်တဲ့အချိန် (၃)ချိန်ရှိပါတယ်။ မိမိတက်လိုတဲ့ အချိန်ကို ရွေးချယ်ပြီး လျှောက်ထားရမှာဖြစ်ပါတယ်။     - Weekday (WD) – တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (နံနက် ၇းဝ၀နာရီမှ ၉းဝ၀နာရီ)    - Weekend (WE 1) – စနေ၊ တနင်္ဂနွေ၊ (နံနက် ၉းဝ၀နာရီမှ ၁၂းဝ၀နာရီ)    - Weekend (WE 2) – စနေ၊ တနင်္ဂနွေ (နေ့လည် ၁းဝ၀နာရီမှ ၄းဝ၀နာရီ) ကျောင်းသားဟောင်းများ ကျောင်းအပ်ခြင်း မေး - Global English Course သင်တန်းတက်ပြီး ခေတ္တနားထားသော ကျောင်းသား၊ ကျောင်းသူများ ဘယ်လိုကျောင်းအပ်ရပါသလဲ။ Online က လျှောက်ရမှာလား။ ဖြေ - ကျောင်းသားဟောင်းတွေဆိုရင် Online က လျှောက်ဖို့မလိုပါဘူး။ မိမိရပ်နားထားတဲ့ Level နှစ်၊ လ တို့ကို ပြောပြီး မိမိကျောင်းသားကဒ်ကိုပြပြီး ကျောင်းပြန်တက်လို့ ရပါတယ်။ Online မှ လျှောက်ထားမှု မေး - Online မှ လျှောက်ထားရမယ့်ရက်ကို ဘယ်လိုသိနိုင်ပါသလဲ။ ဖြေ - Online မှလျှောက်ထားရမယ့်ရက်ကို ကြေးမုံသတင်းစာ၊ National Centre for English Language  ရဲ Facebook page နဲ့ NCEL ရဲ့ Webpage ဖြစ်တဲ့ https://ncel.edu.mm မှာ ကြေငြာပေးပါတယ်။ လျှောက်လွှာကို သတ်မှတ်တဲ့ရက်၊ သတ်မှတ်တဲ့အချိန်မှာပဲ လျှောက်ရပါမယ်။ ကြိုတင်လျှောက်ထားလို့မရပါဘူး။ လျှောက်ထားရမယ့်အချိန်ကျမှသာလျှင် https://register.ncel.edu.mm မှာ Register လုပ်လို့ရပါမယ်။ မေး - ကိုယ်တက်ချင်တဲ့အချိန်တွေကို Online မှာ လျှောက်တဲ့အခါ ဘယ်လိုရွေးရပါသလဲ။ ဖြေ - Online မှာ လျှောက်လွှာတင်ဖို့ သတ်မှတ်ထားတဲ့ရက်၊ သတ်မှတ်ထားတဲ့ အချိန်မှာ Register လုပ်တဲ့ Icon ပေါ်လာမှာပါ။ အဲဒီအခါ Register (register.ncel.edu.mm) ကို နှိပ်လိုက်ရင် Online မှ လျှောက်ရမယ့် ပုံစံပေါ်လာပါမယ်။ အဲဒီထဲမှာ WD, WE 1, WE 2 ဆိုပြီး ရွေးချယ်စရာ (၃)ခုကို ရွေးရမယ့် Select Option ကတဆင့် ရွေးချယ်လျှောက်ထားနိုင်ပါတယ်။ မေး - Online မှာ WD ကို လျှောက်ပြီး WE 1 or WE 2 အတန်းတွေကို ပြောင်းပြီး ကျောင်းအပ်လို့ရပါသလား။ ဖြေ - Online မှ ရွေးထားပြီးဖြစ်တဲ့ Session ကို ကျောင်းအပ်တဲ့အခါ ပြောင်းအပ်လို့မရပါဘူး။ ဒါကြောင့် လျှောက်ထားရာမှာ WD, WE 1, WE 2 တို့ကို သေချာရွေးချယ်ဖို့လိုအပ်ပါတယ်။ မေး - Online လုပ်တဲ့အခါ Form ဖြည့်ရာမျာ ဘာတွေဖြည့်ရမလဲ။ ဖြေ- Form ဖြည့်ရာမှာ အမည်၊ အဖအမည်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ အီးမေးလ် လိပ်စာ၊ ဘွဲ့အမည်တို့ကို ဖြည့်ရပါမယ်။ မေး - Form ကို အင်္ဂလိပ်လို ဖြည့်ရမှာလား၊ မြန်မာလိုဖြည့်ရမှာလား။ ဖြေ - Form ပါ အချက်အလက်အားလုံးကို အင်္ဂလိပ်လိုပဲ ဖြည့်ရမှာပါ။ မေး - Basic Level တစ်သုတ်ကို ကျောင်းသားဘယ်နှစ်ယောက် လက်ခံပါသလဲ။ ဖြေ - Basic Level ကျောင်းသားလက်ခံရာမှာ လူဦးရေက တသမတ်တည်းမရှိပါဘူး။ လက်ရှိ Intermediate, Upper Intermediate , Advanced Level I, Advanced Level II တက်နေတဲ့ ကျောင်းသားဦးရေကို တွက်ဆပြီးမှ ဆရာလုံလောက်မှု၊ အခန်းလုံလောက်မှုအရ လက်ခံတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Global English Course (2/2018) မှာတော့ (၃၀ဝ) ကျော် လက်ခံခဲ့ပါတယ်။ မေး - ကျောင်းအပ်တဲ့အခါ လူစားလာပြီး အပ်လို့ရပါသလား။ ဖြေ - Basic Level ဆိုရင်တော့ လူကိုယ်တိုင်လာရပါမယ်။ အခြား Level တွေဆိုရင်တော့ ကျောင်းအပ်ရာမှာ လိုအပ်တဲ့အချက်အလက်အပြည့်အစုံပါရင် လူစားအပ်လို့လည်းရပါတယ်။ မေး - ကျောင်းအပ်တဲ့အခါ ဘာအချက်အလက် အထောက်အထားတွေလိုမလဲ။ ဖြေ - ကျောင်းအပ်တဲ့အခါ လိုအပ်တဲ့အချက်အလက်တွေကတော့ ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်၊ ဓါတ်ပုံ (၄)ပုံ ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းကဒ် မူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာ ကျောင်း၊ ရုံး၊ ဌာနမှ တာဝန်ခံ အကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုစာ တို့ဖြစ်ပါတယ်။ မေး - Online မှာ လျှောက်လွှာကို ဘယ်နှစ်မိနစ်လောက်ကြာအောင် တင်ခွင့်ပေးပါသလဲ။ ဖြေ - လက်ခံနိုင်တဲ့ ကျောင်းသားဦးရေပေါ်မှာ မူတည်ပြီး (၁၀)မိနစ် (၁၅)မိနစ်လောက်ဖွင့်ပြီးရင် form ပြန် ပိတ်ပါတယ်။ တစ်စက္ကန့်မှာ လျှောက်လွှာ (၃၊ ၄)ခုလောက်ဝင်တာကြောင့် (၁၅)မိနစ်ဆိုရင် လျှောက်လွှာ (၅၀ဝ၀) ကျော် (၆၀ဝ၀)လောက်ဝင်နေပါတယ်။ ဒါ့ကြောင့် အင်တာနက် လိုင်းကြပ်တဲ့အတွက် လျှောက်လွှာတင်လို့မရတာ ဖြစ်တတ်ပါတယ်။ လျှောက်လွှာတင်နိုင်ဖို့ အင်တာနက်လိုင်း ကောင်းဖို့တော့လိုပါတယ်။ မေး - Online မှာ Form တင်ပြီး Sent လုပ်ပြီးရင် ကျောင်းအပ်လို့ရပြီလား။ ဖြေ - မရသေးပါဘူး။ Sent လုပ်ပြီးပေမယ့် ကိုယ်ရဲ့ Serial No. က သတ်မှတ်ထားတဲ့ ဦးရေထဲဝင်မှ ကျောင်းအပ်လို့ရပါမယ်။ ဥပမာ မိမိရဲ့ Online မှာ တင်လိုက်တဲ့ Form ရဲ့ WD Serial No. က (၁၅၁) ဆိုပေမယ့် WD တန်းတွေမှာ လက်ခံနိုင်တဲ့ ဦးရေက (၁၅၀) ဆိုရင် ကျောင်းအပ်ခွင့်ရမှာ မဟုတ်ပါဘူး။ source: ncel
Wednesday, 20 February 2019 12:53
UK နိုင်ငံမှာ ကျောင်းတက်ဖို့ ဘာကြောင့် ရွေးချယ်သင့်သလဲ
နှစ်စဉ်နှစ်တိုင်း အာဆီယံနှင့် သီရိလင်္ကာ နိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူ ၂၀,၀၀၀ ကျော်တို့  UK နိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ လေ့လာသင်ယူနေပါတယ်။ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ စဉ်းစားတဲ့အခါ အရည်အသွေးမြင့်မားတဲ့ ကျောင်းကောင်းကောင်းတွေကို ရွေးချယ်နိုင်ဖို့ အရေးကြီးသလို ကုန်ကျစရိတ်သင့်တင့်ပြီး ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့်  ကျောင်းကိုလည်း ရွေးချယ်နိုင်ဖို့လိုပါတယ်။ UK နိုင်ငံရဲ့ အဆင့်မြင့်ပညာရေးဟာ အရမ်းမြင့်မားတဲ့အတွက် နိုင်ငံတကာမှ ကျောင်းသားများအဖို့ ကျေနပ်အားရမှု ရှိစေပါတယ်။ ကျေနပ်မှု ရရှိတဲ့ ရာခိုင်နှုန်းတွေကတော့  . . . ဘွဲ့ကြိုသင်ကြားနေသူတွေမှာ - ၉၁ ရာခိုင်နှုန်း ဘွဲ့လွန်သင်ကြားနေသူတွေမှာ - ၈၉ ရာခိုင်နှုန်း ဘွဲ့လွန်သုတေသနတက်နေသူတွေမှာ  - ၉၀ ရာခိုင်နှုန်း ယူကေရှိ တက္ကသိုလ်ပညာရေးမှာ ခန့်အပ်ထားသူဦးရေ ၁၉၈,၅၀၀ ရှိပါတယ်။ ဦးရေ ၂.၂ မီလီယံရှိ ကျောင်းသားများဟာ UK နိုင်ငံမှာ အဆင့်မြင့်ပညာရေးမှ ဘာသာရပ်များကို ဆည်းပူးလေ့လာနေပါတယ်။ ၈၅ ရာခိုင်နှုန်းသော နိုင်ငံတကာမှ ဘွဲ့ကြိုတက်သူများသည် UK သို့ ကျောင်းလာတက်သင့်ကြောင့် ထောက်ခံပြောဆိုကြပါတယ်။ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကား ပြောဆိုတဲ့ နိုင်ငံတွေမှ ကျောင်းသား၊ ကျောင်းသူများကို UK ပညာရေးကို ထောက်ခံပြောဆိုကြပါတယ်။ ၈၆ ရာခိုင်နှုန်းသော နိုင်ငံတကာမှ ဘွဲ့လွန်ကျောင်းသားများဟာဆိုရင်လည်း သူတို့ရဲ့ UK နိုင်ငံ ပညာရေး အတွေ့အကြုံတွေကို ယူကေမှာ  ကျောင်း လာတက်မယ့် ညီငယ်၊ ညီမငယ်လေးများကို အကြံပြု ပြောဆိုကြပါတယ်။ ဘွဲ့လွန် ဘာသာရပ်အတွက် UK တွင် သင်ကြားနေသူများ အားလုံးရဲ့  ၃၀ ရာခိုင်းနှုန်းဟာ နိုင်ငံတကာမှ ဖြစ်ပါသည်။ UK မှာရှိတဲ့ အဆင့်မြင့်ပညာရေးဟာ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ပြတဲ့ အဆင့်မြင့်ပညာရေးတွေမှာ အကောင်းဆုံးလို့ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများက ထောက်ခံပြောဆိုကြပါတယ်။ အခြားပညာရေး အဆင့်တွေ မှာလည်း အလားတူပါပဲ။ အပြိုင်ပြုနေကြတဲ့ ပညာရေးကဏ္ဍတွေမှာ UK နိုင်ငံရဲ့ ပညာရေးကဏ္ဍဟာ ကျေနပ်မှု ရရှိနှုန်း အမြင့်မားဆုံး ဖြစ်ပါတယ်။
Thursday, 17 January 2019 14:28
တက္ကသိုလ်မှ ဘွဲ့ရပြီးသူတွေ မဖြစ်မနေလုပ်ရမယ့် အရာများ
တက္ကသိုလ်မှ ဘွဲ့ရပြီးတဲ့အခါ ဘယ်တွေ ဆက်လုပ်ရမယ်ဆိုတာ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်နော်။ (၁) အသုံးကြတန်ဘိုးရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ နည်းလမ်းတွေရှာပါ။ ■ လူငယ်တော်တော်များများဟာ ဘွဲ့ရတာနဲ့ အလုပ်ရတာကိုလည်း တဆက်တည်း စဉ်းစားလေ့ရှိကြတယ်။ တကယ်တော့ တက္ကသိုလ်ကပေးတဲ့ ပညာဆိုတာ၊ ဘယ်လို အသက်မွေးဝမ်းကြောင်း လမ်းကြောင်းပေါ်မှာ ရပ်တည်ရ မယ်ဆိုတာကို ညွန်ပြရုံလောက်ပဲလို့ဆိုတယ်။ အဲဒီပညာရပ်တစ်ခုကို တကယ့်လောကထဲမှာရပ်တည်နိုင်ဖို့ကြတော့ သပ်သပ်ဖြည့်ဆည်းလေ့လာကြရတယ်။ တကယ့်လောကထဲကို ဝင်တော့မယ်ဆိုရင် သိထားသင့်တာက အလုပ်ရှင်ဆိုတာ အလုပ်လုပ်လိုချင်တဲ့သူ (ဘွဲ့ရပြီးစလူငယ်) ဆီက လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ဝန်ဆောင်မှုတစ်ခုခုကို ဝယ်ယူတာပဲဖြစ်တယ်။ အဲဒီလို တန်ဘိုးတစ်ခုခု ပါအောင်၊ ကိုယ့်ရဲ့ Credibility နဲ့ Value ကိုတည်ဆောက်ကြရတယ်။ ဒါကြောင့် တက္ကသိုလ်တက်နေစဉ်ထဲက Volunteering အလုပ်တွေ အခွင့်သင့်တဲ့အခါ လုပ်ရင်း ကိုယ့်ရဲ့ တကယ့်စွမ်းဆောင်နိုင်ရည်တွေ၊ လိုအပ်ချက်တွေ သိအောင်လုပ်ရင်းထပ်ဖြည့်ဆီးလေ့လာသင်ယူသင့်တာတွေ သင်ယူဖို့ ပြင်ဆင်ကြရတယ်။ (၂) အမှားတွေလုပ်ပါ၊ ပြီးတော့ အဲဒီကနေ သင်ခန်းစာယူပါ။ ■ ယဉ်ကျေးမှုနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ခေတ်ကြောင့် ဒီက လူငယ်တော်တော်များများဟာ အမှားလုပ်မိမှာ ကြောက်တတ်ကြတယ်။ ဘဝမှာ အရာရာ ဟာ အသစ်တွေကြီးပဲ။ စွန့်စားမှု မပါတဲ့ ကြိုးစားအားထုတ်မှု တွေနဲ့ ဒီဘက်ခေတ် ထဲမှာ လူငယ်တွေ ရပ်တည်ရှင်သန်ဖို့ မလွယ်ကြတော့ဘူး။ ဘွဲ့ရပြီး ကာစလူငယ်တစ်ယောက်အနေနဲ့ စွန်းစားရမှာပဲ၊ အမှားတွေတွေ့မှာပဲ၊ အဲဒီကလေ့လာသင်ယူပြီးရှေ့ဆက်ခြင်းဟာသာ အကောင်းဆုံးသင်ယူခြင်းလို့ဆိုတယ်။ (၃) ကိုယ့်ကိုယ် ကောင်းရာညွန်ပြတဲ့ လေးစားရသူ၊ ဒါမှမဟုတ် ဆရာ ကိုရှာဖွေပါ။ ■ မိဘပိုက်ဆံသုံးကျောင်းတက်တာပြီးလို့ ကိုယ့်ပိုက်ဆံကိုယ်ရှာရတော့မယ့်လောကထဲ ဝင်တဲ့အခါ သိပ်ရှုပ်ထွေးလွန်းလှပါတယ်။ ကိုယ့်ကိုယ်စိတ်ကောင်းစေတနာကောင်းတွေနဲ့ လမ်းညွန်တွဲခေါ်မယ့်သူ၊ ကိုယ်ရဲ့ လိုအပ်ချက် တွေ ကို စိတ်ရှည်စွာ ထောက်ပြတည့်မတ်ပေးနိုင်မယ့် သူတွေလိုပါတယ်။ ကိုယ့်လျောက်ရမယ့် ဘဝလမ်းမှာ ကိုယ်လေးစားအတုယူရမယ့် သူတစ်ယောက်ရှိခြင်းဟာလည်း ကိုယ့်ရည်ရွယ်ချက်ရည်မှန်းချက်ကိုသွားတဲ့အခါ ပိုလွယ်ကူ စေပါတယ်။ ကျောင်းသင်္ခန်းစာမှာ မပါတဲ့ဘဝအတွေ့အကြုံတွေ လမ်းညွန်မှုတွေကို သူတို့ဆီက သင်ယူနိုင်ပါတယ်။ (၄) အလုပ်ပတ်ဝန်းကျင်မှာအဆင်ပြေဖို့ Soft Skills တွေကိုမြှင့်တင်ပါ။ ■ ဘွဲ့ရတာ၊ အတတ်ပညာတစ်ခုခု တတ်မြောက်တာကို Hard Skills တွေရပြီလို့ဆိုကြပါတယ်။ တကယ့်လုပ်ငန်းခွင်မှာ အဆင်ပြေပြေရပ်တည်ရှင်သန်နိုင်ဖို့၊ Negotiations, Listening, Persuasion, Presentation, Public Speaking စတဲ့ Soft Skills တွေဟာလည်း အခယာကြပါတယ်။ တက္ကသိုလ်မှာ စာတွေ သိပ်တတ်သိပ်တော်နေပေမယ့်၊ လူတွေနဲ့ မပေါင်းတတ်၊ မသင်းတတ်ဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ ကျောင်းမှာတုန်းကလိုတသီးတခြားနေဖို့ အဆင်မပြေနိုင်တော့ပါဘူး။ ပညာရပ်တွေမှာ သိပ်မတော်တဲ့သူတွေတောင် ဒီလို Soft Skills တွေကို ကျွမ်းကျင်လို့ အဆင့်တစ်ခု နေရာတစ်ခုကို ရောက်သွားသူ၊ ရောက်နေသူတွေပတ်ဝန်းကျင်မှာအများကြီးရှိပါတယ်။ ဒါကြောင့် ကိုယ့်လိုအပ်ချက်တွေကို သိအောင်ကြိုးစားပါ။ Soft Skills တွေဖြည့်ဆည်းပါ။ လိုအပ်တဲ့နေရာတွေမှာတိုးတက်အောင်လုပ်ထားပါ။ (၅) ရယူဖို့ ကိုယ်ကအရင်ပေးပါ (Give to Get)။ ■ ဘွဲ့ရသွားတဲ့ လူငယ်တွေ အလုပ်ရှာတဲ့ အခါ၊ အင်တာဗျူးတွေလုပ်တဲ့အခါ တော်တော်များများမေ့နေတတ်ကြတာက၊ အလုပ်ရှင်ဟာ ကိုယ်ဆီကဘာရမလဲ၊ ကိုယ်ကဘာပေးနိုင်မလဲဆိုတာ အရင်ကြည့်တတ်ကြတယ်ဆိုတာပါ။ လူငယ်အများစုကတော့ ကိုယ်ရနိုင်တာတွေကိုပဲ အရင်ကြည့်တတ်ကြပါတယ်။ လခဘယ်လောက်လဲ၊ ဘာခံစားခွင့်တွေရမလဲ လို့ အင်တာဗျူးတွေမှာ မေးမြန်းရင်း ကိုယ်ဘာလုပ်ပေးနိုင်လဲဆိုတာ ပြောဖို့မေ့သွား တတ်ကြပါတယ်။ ဘွဲ့ရပြီးကာစ လုပ်ငန်းခွင်ထဲသွားမယ့်သူပဲဖြစ်ဖြစ်၊ ရေရှည် လောကထဲမှာ အသက်မွေးဝမ်းကြောင်းမှုတစ်ခုခုနဲ့ ရပ်တည်မယ့်သူပဲဖြစ်ဖြစ်၊ကိုယ့် ကအရင်လောကကြီးကို ပေးရမယ်ဆိုတာ အမြဲသတိရပါ။ ကိုယ်အကောင်းဆုံး ပေးဆပ်နိုင်လေလေ လောကကြီးဆီက ပြန်ရဖို့ကြိမ်းသေလေပါပဲ။ (၆) သင့်တင့်လျောက်ပတ်စွာ (အလုပ်နဲ့ လျော်ညီစွာ) ဝတ်စားဆင်ရင်ဖို့ ကြိုးစားပါ ■ မြန်မာစကားပုံမှာ တောင်းမှာအကွပ် လူမှာအဝတ်လို့ရှိပါတယ်။ ဘွဲ့ရပြီးလူငယ်တစ်ယောက်ဟာ သာမာန်လူတစ်ယောက်မဟုတ်တော့ပါဘူး။ ကိုယ့် Professional နဲ့ လိုက်လျောညီထွေအောင် ဝတ်စားဖို့လည်းလိုပါသေးတယ်။ ဒီနေရာမှာ ဈေးကြီးတာတွေ၊ Brand တွေကိုပြောတာမဟုတ်ပါဘူး။ အလုပ်ပတ်ဝန်းကျင် သဘောသဘာဝနဲ့ကိုက်ညီစွာ ဝတ်စားဆင်ရင်ဖို့ပြောတာပါ။ (၇) စဉ်းစားတွေးခေါ်ပုံနဲ့ ရည်မှန်းချက်ကိုပြောင်းပါ (Switch your focus)။ ■ ဆိုလိုတာက ကျောင်းသားတုန်းကတော့ အရာရာဟာ ကိုယ့်အတွက်ပါ။ ကျောင်းသင်ခန်းစာတွေ လေ့လာတယ်၊ လေ့ကျင့်ကျက်မှတ်တယ် ဆိုတာ ကိုယ့်အကျိုး အတွက်ပါ။ အပြင်လောကထဲရောက်ထဲက မှာတော့ ဒီအတွေး အခေါ်ကို ပြင်ဖို့ လိုပါလိမ့်မယ်။ အလုပ်ရှင်ဆိုတာ သူအတွက် ကိုယ်က ဘာလုပ်ပေးနိုင်မလဲ အရင်ကြည့်ပါလိမ့်မယ်။ လုပ်ငန်းခွင့်ထဲမှာ အများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားရတာ ဦးစာပေးရ တာတွေလည်းရှိလာပါလိမ့်မယ်။ လူငယ်တော်တော်များများ အလုပ်မှာ အဆင်မပြေဖြစ်ကြတာ ဒီအချက်ကြောင့် အများကြီးပါတယ်ဆိုပါတယ်။ (၈) စိတ်ရှည်သီးခံတတ်ဖို့ လေ့ကျင်ယူပါ။ ■ လူတစ်ယောက်ဟာ တစ်သက်မှာ နှစ်ပေါင်း ၄ဝ လောက် အလုပ်လုပ်ရမှာဆိုတော့၊ မတူကွဲပြားတဲ့ ပတ်ဝန်းကျင်စရိုက်တွေမှာ ရေရှည်အလုပ်လုပ်နိုင်ဖို့၊ ကိုယ်လိုချင်တဲ့ ကိုယ့် အသက်မွေးဝမ်းကြောင်းမှုပန်းတိုင်ကို ရောက်ဖို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ စိတ်ရှည်သီးခံတတ်ဖို့လိုပါတယ်။တစ်ချို့ လူတော်တွေ ဖြစ်လျက်သားနဲ့ စိတ်မရှည်သီးမခံနိုင်မှုတွေကြောင့် လမ်းခုလပ်မှာပဲ ရပ်တန့်သွားခဲ့ရတဲ့သူတွေ အများကြီးရှိကြပါတယ်။ (၉) ဘဝတသက်လုံးလေ့လာသင်ယူဖို့ လေ့ကျင့်ပါ။ ■ အနာဂါတ်မှာ ဘယ်လိုအလုပ်အကိုင်တွေဖြစ်လာမယ်၊ ဘယ်လိုအလုပ်အကိုင်တွေပျောက်သွားမယ်ဆိုတာ ပြောဖို့ခက်ပါတယ်။ တကယ်လို့ ကိုယ့်လေ့လာသင်ယူထားတဲ့အသက်မွေးဝမ်းကြောင်းမှုဟာ တစ်ချိန်ချိန်မှာ ခေတ်မမှီတော့ဘူး၊ လူတွေမသုံးကြတော့တဲ့ ပညာရပ်ဖြစ်သွားမယ်ဆိုရင် ခေတ်နဲ့ လိုက်လျောညီထွေစွာ ရှင်သန်နိုင်ဖို့ အသစ်ပညာတွေ လေ့လာသင်ယူဖို့လည်း အသင့်ပြင်ဆင်ထားရပါမယ်။ အနာဂါတ်ကို ဘယ်သူမှ တိတိကျကျမခန့်မှန်းနိုင်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ အမြဲမပြတ် လိုအပ်နေတဲ့ ပညာတွေ သင်ယူနေဖို့ မျက်ခြေမပြတ်သင့်သလို၊ ပြောင်းလဲလာမဲ့ အနာဂါတ်နဲ့ ကိုယ် နဲ့ ကိုက်နေအောင် အသစ် ပညာတွေကို လေ့လာဆည်းပူးနိုင်ဖို့လည်း အသင့်ဖြစ်နေသင့်ပါတယ်။ Credit: ဆရာ အောင်ကျော်စံ (ကျောက်သင်ပုန်း fb)
Thursday, 03 January 2019 15:53
ပညာရေးနယ်ပယ်တွင် နည်းပညာကိုအခြေခံအသုံးပြုပါက ရရှိလာမည့်အကျိုး(၇) မျိုး
ပညာရေးဆိုင်ရာနည်းပညာကိုအခြေခံပြီး သင်ကြားတဲ့နည်းလမ်းတွေက ကျောင်းသားတွေရဲ့ သင်ယူမှု၊ ဖန်တီးနိုင်စွမ်း၊ စွမ်းဆောင်ရည်တွေကို ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။ နိုင်ငံတကာအဆင့်မှာတောင် သင်ကြားမှုနည်းစနစ်ကိုနည်းပညာနဲ့ပေါင်းစည်းလိုက်တာက ကောင်းသောပြောင်းလဲမှုတွေဖြစ်စေခဲ့ပါတယ်။ နည်းပညာက ပညာရေးနယ်ပယ်မှာ ဘယ်လိုတွေအထောက်အကူပေးနိုင်လဲဆိုတာ အောက်မှာလေ့လာကြည့်ပါမယ်..။ ၁. သင်ကြားမှုကိုပိုမိုလွယ်ကူစေခြင်း ကျောင်းသားတွေနားမလည်နိုင်တဲ့ မမြင်သာတဲ့ စာတွေ သီအိုရီတွေကို ဒီတိုင်းထိုင်ရှင်းပြနေရတာက ဆရာတွေအတွက်လည်း တော်တော်ပင်ပန်းပါတယ်။ သဘောတရားတစ်ခုချင်းစီကို ကျောင်းသားတစ်ယောက်ချင်း စီအတွက် လုံးဝရှင်းလင်းသွားအောင်ပြောပြဖို့ဆိုတာ အဲ့လောက်မလွယ်ကူပါဘူး။ ဒါပေမယ့် နည်းပညာက ဘယ်လိုဖြစ်စေခဲ့သလဲ? ရုပ်သံတင်ဆက်မှုတွေကြောင့် ကျောင်းသူ၊သား တွေအနေနဲ့ သူတို့သင်နေရတဲ့သီအိုရီတွေ သဘောတရားတွေကို လက်တွေ့ဒီလိုအသုံးချပါလားဆိုတာ ပိုမြင်သာစေပါတယ်။ ကွန်ပျူတာ ပရိုဂျက်တာရှိရုံနဲ့ သင်ခန်းစာတွေ လမ်းညွှန်ချက်တွေကို အရှင်းလင်းဆုံးရှင်းပြနိုင်ပြီး စာသင်ခန်းအတွင်းမှာသင်ယူနိုင်စွမ်းကို ပိုမိုတိုးတက်စေပါလိမ့်မယ်။ ၂. ကျောင်းသားတွေရဲ့တိုးတက်လာမှုကိုခြေရာခံမှတ်သားနိုင်ခြင်း အရင်တုန်းကလို ကျောင်းသားတစ်ယောက်ချင်းစီအကြောင်း စာအုပ်ကြီးထဲမှာ notes တွေနဲ့ ချမှတ်စရာမလိုတော့ပါဘူး။ အခုဆို Platform တွေ Tools တွေလည်း တော်တော်များများရှိနေပြီဖြစ်လို့ ကျောင်းသား တစ်ယောက်ချင်းစီရဲ့ အဆင့်တွေလုပ်ဆောင်နိုင်စွမ်းတွေကို ခြေရာခံပြီး သိမ်းထားနိုင်ပါတယ်။ ဥပမာ MyStudentsProgress တို့ theTeacherCloud Progress Tracker တို့ဆို နာမည်ကြီး အွန်လိုင်း Tools တွေပါပဲ။ ၃. ပတ်ဝန်းကျင်အတွက်ကောင်းမွန်ခြင်း ကျောင်းတွေကသာ Digital Textbook တွေသုံးတော့မယ်ဆိုရင် စာအုပ်တွေထုတ်ဖို့ ကုန်ရတဲ့သစ်ပင်ပမာဏလည်း သက်သာသွားပါလိမ့်မယ်။ မဖြစ်နိုင်သေးတဲ့ကိစ္စဆိုပေမယ့်လည်း စာသင်ခန်းတစ်ခန်းကစ တစ်ကျောင်းလုံး နောက်ပိုင်းတစ်နိုင်ငံလုံးအတိုင်းအတာထိသာ ပြောင်းလဲကြမယ်ဆိုရင် ဖြစ်နိုင်ပါတယ်…ဥပမာ သင့်အနေနဲ့ ကျောင်းသားတွေကို အွန်လိုင်းမှာစာမေးပွဲဖြေခိုင်း၊ စာတမ်းတွေ အိမ်စာတွေကို အီးမေးလ်နဲ့တင်ခိုင်းတာမျိုးနဲ့ စလုပ်သွားလို့ရပါတယ်။ ၄. ကျောင်းသားတွေပိုနှစ်သက်ခြင်း ကျောင်းသားတွေက အခုဆို ဖေ့စ်ဘွတ်, Instagram, စသဖြင့် ဆိုရှယ်မီဒီယာပေါင်းများစွာကို စွဲနေကြပါပြီ။ ဒါတွေက အွန်လိုင်းမှာ အလကားသက်သက်အချိန်ကုန်ရခြင်းအကြောင်းရင်းပါပဲ။ ဒီတော့အကျိုးရှိအောင် စာသင်ယူရတာလည်းပျော်ဖို့ကောင်းအောင် နည်းပညာကို အသုံးချလို့ရပါတယ်။ ဥပမာ ကိုယ့်ကျောင်းသားတွေနဲ့ဆွေးနွေးဖို့ ဖေ့စ်ဘွတ် Group တစ်ခုထောင်လိုက်ပြီး တစ်တန်းလုံးဝိုင်းဆွေးနွေးကြမယ်ဆိုရင် တော်တော်လေး အကျိုးရှိမှာပါ။ ၅. အဝေးရောက်သင်ယူမှုတွေပိုအဆင်ပြေလာခြင်း အင်တာနက်ဆိုတာမရှိရင် လူတိုင်းက ကိုယ်သိချင်တဲ့အရာမှန်သမျှကို အကုန်သိနိုင်မှာမဟုတ်ပါဘူး။ အခုနောက်ပိုင်းဆို အွန်လိုင်းကနေ စာသင်ပေးတဲ့စနစ်က တော်တော်လေးခေတ်စားလာပါတယ်။ ဥပမာ အာကာသသိပ္ပံ အကြောင်းစိတ်ဝင်စားတယ် ဒါပေမယ့် သင်နေတဲ့သင်ရိုးလောက်နဲ့ သိချင်တဲ့အချက်တွေများမသိခဲ့ဘူးဆိုရင် အွန်လိုင်းသင်တန်းတွေဖြစ်တဲ့ Coursera တို့ Udemy တို့မှာ ဝင်ရောက်သင်ယူနိုင်ပါတယ်။ ဒီလိုအွန်လိုင်း စာသင်ကြားမှုတွေရှိလာတာ တော်တော်လေးအဆင်ပြေတယ်လို့တော့ မြင်ပါတယ်။ ၆. အချက်အလက်တွေကိုအလျှင်မြန်ဆုံးရှာဖွေနိုင်ခြင်း အရင်ခေတ်ကလို တစ်ခုခုသိချင်တိုင်း စာကြည့်တိုက်မှာ တစ်ပုံတစ်ပင်ကြီးဝင်မွှေနေစရာမလိုတော့ပါဘူး။ ကျောင်းသားတွေအနေနဲ့ သူတို့သိချင်တာမှန်သမျှကို Google တစ်ချက်ခေါက်လိုက်ရုံနဲ့သိနိုင်တယ်ဆိုတော့ ပိုရိုးရှင်းပြီး လွယ်ကူလာတာပေါ့။ ၇. စုပေါင်းဆောင်ရွက်မှုကို ပိုကောင်းမွန်စေခြင်း ဆရာမက အဖွဲ့လေးတွေဖွဲ့ပေးပြီး ပရောဂျက်တာဝန်တွေပေးတဲ့အခါ တစ်ချို့ကလည်း သူတို့အမြင်ကိုအော်ကြီးဟစ်ကျယ်ပြောကြနဲ့ ဆူညံပွက်လောရိုက်တဲ့အခါမျိုးမှာ ပရောဂျက်မှာပါတဲ့ ကျောင်းသားတွေ ဝင်ရောက်စုဝေး လို့ရတဲ့ Setting တစ်ခု ခုနောက်ပိုင်း အွန်လိုင်း Tools တွေမှာ ပါလာပါပြီ။ အိမ်မှာပဲအလုပ်လုပ်လို့ရပြီး အင်တာနက်နဲ့ချိတ်ဆက်ဆွေးနွေးကြဆိုတော့ ဘေးကပွက်လောရိုက်ဆူညံတာမျိုးတွေမရှိဘဲ အေးဆေးလုပ်လို့ရနိုင်ပါ တယ်။ ဒီလိုမျိုး နည်းပညာကိုသာ ပညာရေးနယ်ပယ်မှာ ကောင်းကောင်းအသုံးချနိုင်ရင် ကျောင်းသူကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်း စူးစမ်းလေ့လာနိုင်စွမ်း သိမြင်နိုင်စွမ်းတွေက တော်တော်ကြီးတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ Source: Digital Times
Thursday, 27 December 2018 14:57
တက္ကသိုလ်မြေသို့ခြေချမိသည့်အခါ…
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုအောင်မြင်သွားတာနဲ့ တက္ကသိုလ်တက်ဖို့ ပြင်ဆင်ကြရပါတယ်။ ဘာကြောင့်တက္ကသိုလ် တက်ရတာလဲလို့တွေးကြည့် မိဘူးသလား။ တက္ကသိုလ်တက် ရတယ်ဆိုတာ အကြောင်းပြချက်လိုလို့လား ပြန်မေးစရာပါ။ လိုတာပေါ့ အလုပ်တစ်ခုခုကို စတင်ပြီးဆိုတာနဲ့ ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို သေချာသိဖို့လိုပါတယ်။ ဒါမှ အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ရောက်အောင် ကြိုးစားမှုတိုင်းကို အားအင် အပြည့်ဖြင့် လုပ်ဆောင်နိုင်မှာပါ။ တက္ကသိုလ်တက် ကြတာက ဘွဲ့တစ်ခုခု ရဖို့၊ ပညာရေး ပြီးဆုံးဖို့၊ အလုပ်အကိုင်ကောင်းဖို့၊ အလုပ်ကောင်း တစ်ခုရရှိဖို့စသည် ဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ရှိတတ်ကြပါတယ်။ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ပဲ တက္ကသိုလ် တက်တက်၊ တက္ကသိုလ်တက်ရောက်တဲ့ အချိန်ကာလက လူ့ဘဝအတွက် တန်ဖိုးအရှိဆုံးအချိန်၊ အလှပဆုံးအချိန်နဲ့၊ ပညာအရဆုံး အချိန်အခါ ဖြစ်ပါတယ်။ တကယ့် အပြင်လောကကြီးနဲ့ဆက်သွယ်ဖို့ အတွက်လိုအပ်တဲ့ သက်မွေးမှုအတတ်ပညာ အသိပညာ ပေါင်းသင်းဆက်ဆံရေးစတဲ့ လိုအပ်တဲ့ အရည်အချင်းတွေ အကုန်လုံးကို သင်ကြားပေးတဲ့နေရာဆို လည်း မမှားပါဘူး။ ဘယ်လိုအထောက်အပံ့လေးတွေရရှိနိုင်မှာလဲ...ဆွေးနွေးကြည့်ရအောင်...။ ၁. တက္ကသိုလ်တက်ရောက်တဲ့အခါ ကျောင်းတက်တုန်းက သူငယ်ချင်းတွေနဲ့ အတူတူတက်ချင်မှ တက်ရမှာပါ။ အပေါင်းအသင်းအသစ် မိတ်ဆွေအသစ်တွေ အများကြီးနဲ့ ကြုံရမှာဖြစ်တဲ့အတွက် ပေါင်းသင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်လာနိုင်ပါတယ်။ ၂. တက္ကသိုလ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို ထိန်းကျောင်းရတော့မှာပါ။ ငယ်ငယ်ကလိုမျိုး မိဘကကျောင်းအထိလိုက်ပို့ပြီး ဂရုစိုက်ပေးနေတာမျိုးမရှိတော့ပါဘူး။ ကိုယ့်အချိန်တွေ ကိုယ်ရဲ့လုပ် ဆောင်ချက် တွေ ကိုယ်ကိုယ်တိုင် စီမံခန့်ခွဲဖို့ အခွင့်အရေးတွေ ရရှိလာပါတယ်။ ၃. အဆင့်မြင့်တဲ့ဘွဲ့တွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့သူတိုင်း အောင်မြင်မှု မြင့်မားတယ်လို့ မဆိုနိုင်ပေမယ့် ပထမဆုံးအလုပ်ရှာတဲ့အခါ ဘွဲ့လက်မှတ်က အရေးပါပါတယ်။ ဒါကြောင့်ဘွဲ့ဒီဂရီတွေကလည်း လိုအပ်ပါတယ်။ ၄. တက္ကသိုလ်မှာက နယ်ပယ်အသီးသီးကလူတွေ မတူညီတဲ့အရပ်ဒေသကလာတဲ့လူတွေနဲ့ တွေ့ဆုံရတဲ့ အခါ မတူညီတဲ့ အတွေးအခေါ် အမြင်တွေအမျိုးမျိုးကို လေ့လာခွင့်ရပါတယ်။ ဗဟုသုတတွေ လည်း အများကြီး ရရှိနိုင်ပါတယ်။ ၅. တက္ကသိုလ်ပြီးဆုံးအောင်မြင်သွားတဲ့အခါ အမှတ်တရအဖြစ်ကျန်နေမယ့် လှပတဲ့အတိတ်တစ်ခုပဲဖြစ်ပါ တယ်။ ကျောင်းတက်တုန်းက ပျော်ခဲ့တဲ့အချိန်တွေ အတန်းလစ်ခဲ့တဲ့အချိန်တွေ စာမေးပွဲနီးလို့ စာစုလုပ်ခဲ့တဲ့ အမှတ်တရတွေ အတန်းဖော်၊ ဆရာ ဆရာမ နဲ့ ကျောင်းတော်ကြီး အားလုံးက လွမ်းစရာတွေဖြစ်နေမှာပါ။ မမေ့နိုင်တဲ့ အမှတ်တရတွေ လှပတဲ့အတိတ်ပါ။  
Monday, 24 December 2018 14:05
တက္ကသိုလ်တစ်ခု နိုင်ငံတကာ အဆင့်မီစေမယ့် နည်းလမ်း ၂၀
1. To change a university, you need to change people’s incentives ဝန်ထမ်းတွေရဲ့ ခံယူချက်ကို ပြောင်းမှ တက္ကသိုလ် လည်း တိုးတက်နိုင်မယ်။ 2. To attract the best faculty, you need the best leaders တက္ကသိုလ် ရဲ့ ပညာရေး အရည်အသွေး academic quality မြင့်တက်ဘို့ ဆိုတာ အကောင်းဆုံး ဆရာတွေရှိဘို့ လိုတယ်။ အကောင်းဆုံးဆရာ ရှိဘို့ဆိုတာ ခေါင်းဆောင်ကောင်းတွေ ရှိရမယ်။ တနည်းအားဖြင့် လူတော်တွေဟာ သူတို့ အထင်မကြီးတဲ့ မလေးစားလောက်တဲ့ သူတွေရဲ့ ဦးဆောင်မှု အောက်ကို ဝင်မလာပါဘူး။ ဥပမာ နိုင်ငံတကာ တန်းဝင်သူဆရာ တယောက်ဟာ Mickey Mouse ခေါင်းဆောင်တယောက် လက်အောက်မှာ ဘယ်တော့မှ ဝင်လုပ်မှာ မဟုတ်ပါဘူး။ 3. Control quality through hiring panels. တက္ကသိုလ်ရဲ့ ဝန်ထမ်းရွေးချယ်ရေး အဖွဲ့မှာ အရည်အသွေး ထိန်းသိမ်းတဲ့ စနစ်ကောင်းတခု ရှိဘို့ လိုပါတယ်။ ဗဟို ဝန်ထမ်း တက္ကသိုလ်လို ဝန်ထမ်ရွေးချယ် လေ့ကျင့်ရေး အဖွဲ့ လို ယေဘုယျ ရွေးချယ်ရေး စနစ် နဲ့ တက္ကသိုလ် ပါမောက္ခတွေကို ရွေးချယ်ခြင်းဟာ မှားယွင်းတယ် လို့ ဆိုချင်ပါတယ်။ နောက်တခုက တက္ကသိုလ် ပါမောက္ခ ဆိုတာ ဟာ ဘာသာရပ် တခုမှာ လုံလောက်တဲ့ သုတေသန အတွေ့အကြုံ ရှိလာလို့ သက်ဆိုင်ရာ သုတေသန အသိုင်းအဝိုင်းကနေ ချီးမြှင့်ပေးတဲ့ နိုင်ငံတကာ အဆင့်မီ ရာထူး တခု ဖြစ်ပါတယ်။ တက္ကသိုလ် ပါမောက္ခ ဆိုတာ နည်းပြ သရုပ်ပြ တွေကနေ အချိန်ကြာလို့ ရာထူးတိုးလာတာ မဟုတ်ပါဘူး။ ဒါကြောင့် ပါမောက္ခ အမည်ခံပြီး သုတေသန အတွေ့အကြုံ လုံလောက်အောင် မရှိတဲ့ သူတွေဟာ အမည်ခံ ပါမောက္ခသာ ဖြစ်လာမှာ ဖြစ်ပြီး နိုင်ငံတကာ သုတေသန အသိုင်းအဝိုင်းက အသိအမှတ်ပြု မှာ မဟုတ်တဲ့ အတွက် တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ 4. Hire the best ဝင်ရောက် ယှဉ်ပြိုင်သူများ အနက်မှာ အတော်ဆုံးကို ရွေးချယ်ပါ။ ဘက်လိုက်မှု အဂတိတရား ကင်းပါစေ။ ဒီလို ဖြစ်လာဘို့ ဆိုရင် တက္ကသိုလ်ရဲ့ ဝန်ထမ်းရွေးချယ်ရေး အဖွဲ့ဟာ ပညာရေး မူဝါဒနဲ့ သဘောတရား အကြောင်းကို နားလည်သူ တွေရယ် သက်ဆိုင်ရာ ဘာသာရပ်ကို ကျွမ်းကျင်သူတွေ ရယ်နဲ့ သာ ဖွဲ့စည်းသင့်တဲ့ အဖွဲ့ တခု ဖြစ်ပါတယ်။ 5. Know the talent list and congratulate people အောင်မြင်မှု တခုကို ရရှိလာရင် အဲဒီအောင်မြင်မှုကို အမှန်တကယ် ဖန်တီးသူ တွေကို သိရှိပါ။ သူတို့အားလုံးကို ထိုက်တန်စွာ ဂုဏ်ပြုပါ။ တနည်းအားဖြင့် အနားပြာတွေ မြှောက်ထိုးပင့်ကော်တွေ စားဖားတွေကို ရှောင်ပြီး တကယ် အလုပ်လုပ်သူတွေကို နေရာပေးပါ ဂုဏ်ပြုပါ။ 6. No pain, no gain အပြောင်းအလဲ လုပ်တယ်ဆိုတာ ခက်ခဲပါတယ်။ အနစ်နာခံဘို့ လိုပါတယ်။ အနာခံမှ အသာစံရမယ့် သဘောပါ။ 7. Too much change, no gain ဒါပေမယ့် အချိန်တို အတွင်း အပြောင်းအလဲများစွာကို တပြိုင်နက်တည်း လုပ်မယ်ဆို ရင်တော့ မအောင်မြင်နိုင်ပါဘူး။ တနည်းအားဖြင့် အပြောင်းအလဲဆိုတာ တဆင့်ပြီး တဆင့် အချိန်ပေးတည်ဆောက်မှ ရပါတယ်။ 8. Pay a top salary if you want the right department head ဌာနမှုးကောင်းကောင်းကို လိုချင်ရင် သူတို့နဲ့ ထိုက်တန်တဲ့ လစာကို ပေးနိုင်ရပါမယ်။ ဌာနမှုး ကောင်းကောင်းရှိမှ ဌာနဟာတိုးတက် မှာ ဖြစ်ပြီး တက္ကသိုလ် ရဲ့ ပညာရေး အရည်အသွေး academic quality မြင့်တက်ဘို့ ဆိုတာ ဟာ ဌာနမှုးတွေ ဘယ်လောက် အရည်အချင်းရှိပြီး အမြင် ကျယ် သလဲ ဆိုတာနဲ့ အများကြီး သက်ဆိုင် ပါတယ်။ 9. Incentivise raising research money တက္ကသိုလ် တခုရဲ့ အသက်ဟာ သုတေသန ဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဟာ ဌာနတွေမှာ သုတေသန အလုပ်တွေ များများ လုပ်နိုင်ဘို့ ထောက်ပံငွေ များများရအောင် ရှာနိုင် ရပါမယ်။ 10. Cut the red tape and reduce the number of committees ကြိုးနီစနစ်ကို ဖယ်ရှားပြီး ကြားခံ ကော်မတီတွေကို နည်းနိုင်သမျှ နည်းအောင် လုပ်ရပါမယ်။ ပါမောက္ခတွေကို သူတို့ ကျွမ်းကျင်ရာ ဘာသာရပ်အလိုက် အကောင်းဆုံး စီမံနိုင်အောင် ဗဟိုဦးစီး စနစ်ကို အတတ်နိုင်ဆုံး လျော့ ပေါ့ ပေးရမယ်။ 11. As a leader, be accessible ခေါင်းဆောင် တယောက် အနေနဲ့ အများနဲ့ အောက်ခြေအထိ ထိတွေ့နိုင်အောင် စီစဉ်ထားရပါမယ်။ 12. Clarify the relationship between administrative and academic staff အုပ်ချုပ်ရေး ဘက်က ဝန်ထမ်းတွေနဲ့ သင်ကြားရေး ဝန်ထမ်းတွေအကြား တာဝန် ခွဲဝေမှု တာဝန်ခံမှုကို ရှင်းလင်းအောင် ဆောင်ရွက်ထားရပါမယ်။ administrative ပြသနာတွေကြောင့် သင်ကြားရေး ဝန်ထမ်းကောင်းတွေ ဆုံးရှုံးရ တတ်ပါတယ်။ အုပ်ချုပ်ရေး ဘက်က ဝန်ထမ်းတွေက ဝင်ရောက် စွက်ဖက်ခြင်းကြောင့် တက္ကသိုလ် ရဲ့ ပညာရေး အရည်အသွေး academic quality ကျဆင်းသွား နိုင်တာကို သတိပြုရမယ်။ 13. Start to train scholars in management when they are young ငယ်ရွယ်ပြီး အလားအလာရှိသူ လူတော်တွေကို အနာဂတ် အုပ်ချုပ်ရေး အပိုင်းအတွက် ခေါင်းဆောင်မှု မျိုးဆက် မပြတ်စေဘို့ အခုကတည်းက စပြီး ပြုစုပျိုးထောင်ထားဘို့ လိုပါတယ်။ 14. Pick your board or council members because - and only because - they are good for the university, and then educate them တက်ကသိုလ် အတွက် အကျိုးဖြစ်စေမယ့် အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင် တွေကို ရွေးချယ်ပြီး သူတို့ကို တက်ကသိုလ် ရှေ့ရေးအတွက် စည်းရုံးပညာပေးပါ။ 15. Tell Government ‘No!’ တက္ကသိုလ် အုပ်ချုပ်ရေးအပိုင်း အပေါ် အစိုးရပိုင်းကနေ လွှမ်းမိုးဘို့ ကြိုးစားခြင်းကို လက်မခံပါနဲ့။ 16. Give staff food for their tummies as well as thought ဝန်ထမ်းတွေကို လစာကောင်းကောင်း ပေးသလို အတွေးအခေါ် ကောင်းကောင်း ရစေဘို့လည်း ပျိုးထောင်ပေးပါ။ 17. Hire a scholar as leader ငယ်ရွယ်ပြီး အလားအလာရှိသူ လူတော်တွေကို ရွေးချယ်ပြီး ခေါင်းဆောင်မှုတာဝန် ကို ပေးပါ။ 18. Make sure the leader stays at least five years - and preferably more အဲဒီ ငယ်ရွယ်ပြီး အလားအလာရှိသူ လူတော် ခေါင်းဆောင်တွေကို အနည်းဆုံး ၅ နှစ်အထိ တက်ကသိုလ်အတွက် အလုပ်လုပ်ပေးနိုင်အောင် စီမံပါ။ 19. Give the leader plenty of power (or don’t bother hiring one) အလားအလာရှိသူ လူတော်ခေါင်းဆောင် တွေကို ထိန်းချုပ်ဘို့ မကြိုးစားပါနဲ့။ guideline လောက်သာပေးပြီး သူတို့ဘာသာ ဦးဆောင်ပါစေ။ 20. Let the leader pick his or her own top team ငယ်ရွယ်ပြီး အလားအလာရှိသူ လူတော်တွေကို သူတို့ အဖွဲ့ဝင်တွေကို သူတို့လက်အောက်က လူတွေကို သူတို့ စိတ်ကြိုက် ရွေးချယ်ပါစေ။ အထက်က အမိန့်နဲ ထိန်းချုပ်တာမျိုး မလုပ်မိပါစေနဲ့။ #EducationCredit> Henry Cheng
Saturday, 22 December 2018 11:08
တက္ကသိုလ်ကျောင်းသား ဘ၀ကို ထူးခြားသွားစေမယ့် နည်းလမ်း (၅) သွယ်
တက္ကသိုလ် ကျောင်းသားဘဝရဲ့ အကောင်းဆုံး အချက်ဟာ လွတ်လပ်မှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လေ့လာလှုပ်ရှားမှုစွမ်းရည်တွေကို ပိုတိုးတက်စေသလို အသင်းအဖွဲ့ရဲ့ သဘောသဘာဝတွေကို ပိုပြီး နားလည်စေပါတယ်။ အခန့်မသင့်ရင် ရည်းစားလေးတောင် ရသွားနိုင်သေးတယ် ဟုတ်တယ်ဟုတ်...။ ဒီနေ့မှာတော့ တက္ကသိုလ်ဘဝကို ပိုပြီး အဓိပ္ပာယ်ပြည့်စုံကောင်းမွန်စေမယ့် အကြံပြုချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်...။ ၁။ လှုပ်ရှားမှု များလုပ်ပါ။ နေ့စဉ်ကျောင်းသွား၊ အိမ်ပြန်၊ အပြင်ဘက် အတန်းသွားတာက လွဲလို့ တခြားဟာတွေ ဘာမှမလုပ်ဘူးဆိုရင် ကျောင်းသားဘဝဟာ သာမန်ပါပဲ။ သင်ဘာကို စိတ်ဝင်စားလဲ? ဒီအချိန်မှာ အဲဒီစိတ်ဝင်စားတဲ့အရာကို စမ်းသပ်ကြည့်ပါ။ အားကစားတစ်ခု ဒါမှမဟုတ် ဂီတတူရိယာတစ်ခုခု ဒါမှမဟုတ် အသစ်အသစ်သော လှုပ်ရှားမှု တစ်ခုခုကို ကြိုးစားလုပ်ကြည့်ပါ။ ဒါဟာ ကုန်ကျစရိတ် နည်းနည်းနဲ့ အသစ်တွေကို စမ်းသပ်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ ဒါတွေက သင့်ရဲ့နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ အရည်အချင်းတွေကို ပိုမိုကောင်းမွန်အောင်  ဖွံ့ဖြိုးကူညီပေးနိုင်ပါလိမ့်မယ်။ ၂။ လုပ်အားပေးပါ။ နိုင်ငံအတွင်းမှာဖြစ်စေ၊ နိုင်ငံရပ်ခြားအတွက်ပဲ ဖြစ်စေ၊ လုပ်အားပေးခြင်းက သင့်ရဲ့ တက္ကသိုလ် ဘဝကို ပိုပြီး အဓိပ္ပာယ်ရှိစေတဲ့ နည်းလမ်းတစ်ခုပါ။ ပိုမိုယုံကြည်စိတ်ချရတဲ့ လုပ်အားပေးအဖွဲ့တွေနဲ့ အတူတူလက်တွဲပြီး အလုပ် လုပ်နိုင်တဲ့ အခွင့်အရေးကို လွယ်လွယ်ရရှိတာဟာ ကျောင်းသားတစ်ယောက်ရဲ့ အားသာချက်ပါပဲ။ ကာလရှည်အတူတူလက်တွဲပြီး အလုပ်လုပ်ဖို့ဆိုရင်လည်း လွယ်ကူတယ်လေ။ လူ့အဖွဲ့အစည်းကို ကောင်းမွန်စေဖို့ ကြိုးစား အားထုတ်နေတဲ့သူတွေနဲ့ တွေ့ခွင့်ရမယ့် အခွင့်အရေးကြီးပေါ့။ ၃။ အလုပ်သင်ဆင်းပါ။ အလုပ်ရှင်များအများစုက အလုပ်အတွေ့အကြုံ ရှိတဲ့သူ (သို့) အနည်းဆုံး လေ့ကျင့်သင်ကြားမှု ရှိတဲ့သူတွေကို ငှားရမ်းဖို့ ပိုနှစ်သက်တယ်ဆိုတာ အတော်များများ သိထားပြီးသားပါနော်။ တက္ကသိုလ်တက်တဲ့အခါ ကျောင်း ပိတ်ရက်ရှည် ၂ခါ လောက်တော့ အနည်းဆုံး ရှိမှာပေါ့နော်.. ။ ဒီအချိန်တွေအတွင်းမှာ တစ်လဖြစ်ဖြစ် ၊ လအနည်းငယ် ဖြစ်ဖြစ် ကုမ္ပဏီတစ်ခုခုဖြစ်စေ၊ ကိုယ်စိတ်ဝင်စားရာ ပရောဂျက်ဖြစ်စေ ဝင်လုပ်ပါ။ လုပ်ငန်းအတွေ့အကြုံကသာ အမှန်တကယ် လက်တွေ့လောကရဲ့ အခက်အခဲတွေနဲ့ အလုပ်အခြေအနေတွေကို သေချာမြင်စေတာပါ။ ၄။ Exchange သွားပါ။ ယနေ့ခေတ်အလုပ်ခွင်တွေမှာ ယဉ်ကျေးမှုပေါင်းစုံကို ပိုတွေ့လာရပါတယ်။ ဒါကြောင့် ကွဲပြားခြားနား တဲ့ ယဉ်ကျေးမှုနောက်ခံကလာတဲ့ အဖွဲ့ဝင်တွေနဲ့ အတူအလုပ်လုပ်နိုင်တာက အရေးကြီးတဲ့ စွမ်းရည် ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ရဲ့ တက္ကသိုလ်က ကျောင်းဖလှယ်သွားဖို့ အခွင့်အရေး ကမ်းလှမ်းရင် ရအောင်ယူလိုက်ပါ။ ဒါဟာ အခြားယဉ်ကျေးမှု နဲ့ ကျောင်းသားဘဝကို တွေ့ကြုံနိုင်မယ့် ရှားပါးတဲ့ အခွင့်အလမ်းဖြစ်ပါတယ်။ အများနဲ့မတူဘဲ အလားအလာ ကွဲပြားခြားနားတဲ့ ရှုထောင့်ကနေ ကြည့်တတ်ဖို့ သင်ယူနိုင်ပါလိမ့်မယ်။ ၅။ တခြားဌာတွေက အတန်းတွေ ယူကြည့်ပါ။ အခြားဌာနတွေရဲ့ အစပြုအတန်း ၁ ခု၊ ၂ခု လောက်ယူပါ။ ဥပမာအားဖြင့် အင်ဂျင်နီယာ အလုပ်ဟာ အင်ဂျင်နီယာ အသိပညာအပြင် အခြေခံဘဏ္ဍာရေး အသိပညာ နဲ့ တင်ဆက်မှုစွမ်းရည်တွေရှိဖို့လည်း လိုအပ်တယ်။ စဉ်းစား တွေးခေါ်မှု နည်းလမ်း အမျိုးမျိုးကို သိခွင့်ရတဲ့အပြင် ကွဲပြားခြားနားတဲ့ ကျွမ်းကျင်မှုရှိတဲ့ ကျောင်းသားတွေကို တွေ့ဆုံဖို့ အခွင့်အလမ်းတွေ ရပါလိမ့်မယ်။ source: forhermyanmar
Wednesday, 12 December 2018 16:14
နိုင်ငံခြားမှာကျောင်းတက်ဖို့ University ရွေးတဲ့အခါ ...
နိုင်ငံခြားမှာ ကျောင်းတက်ဖို့ University ရွေးတဲ့အခါ အဲ့ဒီကျောင်းဟာ တကယ်ပဲ အသိအမှတ်ပြုခံရတဲ့၊ Ranking ကောင်းတဲ့ ကျောင်းဖြစ်လား၊ မဖြစ်လားကို ဒီအချက်တွေနဲ့ စဉ်းစားပါ.. ဘယ်နိုင်ငံက တက္ကသိုလ်ဖြစ်ဖြစ် ဒီအချက်တွေနဲ့ စဉ်းစားရင် အမှားအယွင်းဖြစ်နိုင်ချေ နည်းပါမယ်..။ ၁။ အစိုးရ Website တွေမှာ ရှာကြည့်ပါ။ ဘယ်နိုင်ငံက ကျောင်းဖြစ်ဖြစ် အဲ့ကျောင်းဟာ သူ့နိုင်ငံမှာ အစိုးရအသိအမှတ်ပြု ခံထားရတယ်/ မခံထားရဘူးကို အရင်ကြည့်ပါ.. သူ့အစိုးရကမှ အသိအမှတ်မပြုထားရင် ကျောင်းအတုဖြစ်နိုင်ချေ 99.99% ရှိပါတယ်။ သတိထားရမှာက အဲ့ဒီစာရင်းဟာ နှစ်စဉ်အပြောင်းအလဲ ရှိတတ်တာမို့ ကိုယ်ကျောင်းလျှောက်မယ့်နှစ်ထဲမှာ ရှာကြည့်ဖို့ပါ.. တချို့ကျောင်းတွေဟာ အရည်အသွေးနိမ့်လာတယ်ဆို ကျောင်းလိုင်စင်ပြန်သိမ်းတာမျိုးတွေ ကောလိပ်တချို့မှာ ရှိနိုင်ပါတယ်...။ ယူကေမှာ ကျောင်းလာတက်မယ်ဆို ဒီ Link ကနေ ကြည့်ပါ..https://www.gov.uk/ အဲ့ဒီလင့်ခ်မှာမှ ဖြစ်နိုင်ရင် Recognised Bodies List ထဲက ကျောင်းတွေကိုပဲ တက်ပါ။ ဘာလို့ဆို သူတို့က ဘွဲ့ဒီဂရီတိုက်ရိုက်ပေးခွင့်ရှိပြီး Listed Bodies ဆိုတာကကျ တိုက်ရိုက်ဘွဲ့ပေးခွင့်မရှိဘဲ Recognised Bodies တွေနဲ့မှ တဆင့်ချိတ်ပြန်ပေးရတာမျိုးပါ.. ပြောရရင် Listed Bodies တွေဟာ Recognised List ထဲက ကျောင်းတွေ လို ဒေါင်ဒေါင်မြည်မဟုတ်ပါဘူး.. ဟိုကျောင်းနဲ့ ချိတ်၊ ဒီကျောင်းနဲ့ ချိတ်ရတွေပါ..။ ၂။ Ranking Website တွေ ယှဉ်ကြည့်ပါ။ တစ်ခုတည်းတော့ ဘယ်တော့မှ မကြည့်ပါနဲ့.. ဘာလို့ဆို Ranking ထဲမှာလည်း ကျောင်းတွေနဲ့ လက်ဝါးချင်းရိုက် ဂျင်းထည့်တတ်တဲ့ Website အလိမ်အညာတွေ ရှိနိုင်ပါတယ်.. Ranking Website တွေ ယှဉ်ကြည့်မှသာ စောင်းပါးရိပ်ခြေ သိနိုင်ပါမယ်။ ဒီ website တွေက Ranking တွေဟာ တစ်ခုနဲ့ တစ်ခု ထပ်တူညီမှုရှိခဲပေမယ့် ဆိုးဆိုးရွားရွား ကွာခဲပါတယ်.. နမူနာဆို ကိန်းဘရေ့ခ်ျတက္ကသိုလ်ဟာ ဒီ Website မှာ တစ်ရပေမယ့် နောက်တစ်ခုမှာ သုံးလောက် ဖြစ်နေတာမျိုးပါ.. အနည်းအပါးတော့ ကွာနိုင်ပါတယ်။ ကျောင်းရွေးရင် ဖြစ်နိုင်သမျှမှာ Ranking 1 to 30 ကို ဦးစားပေးပြီး 50 လောက် နောက်ဆုံးထားလျှောက်ပါ.. ယူကေမှာ တက္ကသိုလ် ၁၃၀ ကျော်ရှိတာ အဆင့် ၁၃၁ ဘိတ်ချေးရတဲ့ London Metropolitan University လို ကျောင်းမျိုးဆို လုံးဝ ဝေးဝေးရှောင်သင့်တာပါ.. ဒေါက်တာလက်သည်းညှပ်တော့ ဘာလို့တက်တယ်မသိပါ။ ကျောင်းလျှောက်မယ်ဆို သုံးလေးငါးကျောင်းရွေး၊ ပြီးမှ ကိုယ်နဲ့ ကိုက်မယ့်နှစ်ကျောင်းလောက် စစ်ထုတ်ပြီး လျှောက်ပါ.. အကုန်မလျှောက်ခိုင်းရတာက တချို့ကျောင်းတွေက ကျောင်းလျှောက်ရင်ကို ပိုက်ဆံကုန်တာရှိသလို လေးငါးကျောင်းကျ အက်ဆေးရေးရ တာကအစ အာရုံစိုက်စရာ များကုန်လို့ပါ.. နေရာ၊ ရာသီဥတု၊ part time ရနိုင်ချေ၊ Transportation, အဆောင်/အိမ်ခန်းငှားဖို့အခြေအနေတွေပါ တွက်ဆဖို့ လိုပါမယ်။ အပေါ်က အချက်နှစ်ချက် သေချာလုပ်ရင် အစိုးရအသိအမှတ်ပြုပြီး Ranking ကောင်းတဲ့ ကျောင်း ရွေးဖြစ်နိုင်ချေ ပိုများလာပါလိမ့်မယ်.. အချိန်ရရင် ကျောင်းတွေက Alumni တွေ အကြောင်းပါ ဖတ်ကြည့်ပါ.. ဘယ်ကျောင်းက ကျောင်းသားဟောင်းတွေက ဘယ်လိုလဲဆိုတာကိုလည်း ထပ်စဉ်းစားနိုင်ပါတယ်။ ဒီလောက်ဆို ကိုယ့်အတွက် ကျောင်းရွေးတဲ့အခါ စဉ်းစားဆုံးဖြတ်ဖို့ရာ အဆင်ပြေမယ် မျှော်လင့်ပါတယ်။ Credit> Poe Phyu Thant