Tips

Friday, 31 August 2018 13:32

အတန်းထဲမှာ စကားအရမ်းများတဲ့ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့ကိုင်တွယ်ရင် ကောင်းမလဲ

ကလေးတွေအတွက်ကတော့ စကားများတယ်ဆိုတာ သဘာဝပါပဲ။ ဒါပေမယ့် အတန်းထဲမှာ စကားများတာ၊ စကားပြော မရပ်တော့တာမျိုး၊ အထူးသဖြင့် ကိုယ်စာသင်နေတဲ့ အချိန်မျိုး မှာဆိုရင်တော့ စာကိုစိတ်ဝင်တစား နားထောင်နေတဲ့ တခြားကလေးတွေအတွက်ပါ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီတော့ ပြောစရာတွေ မကုန်မခမ်းနိုင်အောင်ရှိနေတဲ့ ကျောင်းသားတွေကို ဘယ်လိုကိုင်တွယ်မလဲ? အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။ အတန်းစည်းကမ်းလိုက်နာမှုကို တင်းကျပ်ပါ။ စည်းမျဉ်းစည်းကမ်းဆိုတာ ဘယ်စာသင်ခန်းအတွက်မဆို အရေးပါတဲ့အရာတစ်ခု ဖြစ်ပါတယ်။ စည်းကမ်းမရှိတဲ့အတန်းက ပွက်လောရိုက်နေမှာပဲ ဖြစ်ပါတယ်။ စာတွေမသင်ခင် ဟိုးနှစ်စကတည်းက ကိုယ့်အတန်းထဲမှာ ရှိသင့်ရှိထိုက်တဲ့ စည်းမျဉ်းတွေကို ချမှတ်ထားရမှာပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ ၁) ဆရာမစာသင်နေချိန်တွင် စကားမပြောရ။၂) ဆရာမစာသင်နေတုန်း မေးစရာရှိရင် လက်ထောင်ပါ။၃) ဆရာမမေးတာဖြေချင်ရင် လက်အရင်ထောင်ပါ။၎) အတန်းထဲမှာ စကားပြောရင် ပုံမှန်အသံနဲ့ပဲပြောပါ။ (အပြင်မှာလို ကျယ်ကျယ်လောင်လောင် မပြောရ။) ဒါတွေကတော့ ရှိထားရမယ့် အခြေခံစည်းမျဉ်းအချို့ပဲ ဖြစ်ပါတယ်။ ဒီ့အပြင် တခြားစည်းမျဉ်းတွေဖြစ်တဲ့ အလှည့်ကျော်ရင် ဒါမှမဟုတ် အတန်းကို အနှောင့်အယှက်ဖြစ်စေရင် အပြစ်ပေးတာမျိုး၊ ပြီးရင် အတန်းထဲမှာ ဆူညံပွက်လောရိုက်ပြီး တခြားအတန်းတွေကိုပါ အနှောင့်အယှက်ဖြစ်စေရင် အပြစ်ပေးတာမျိုးကိုလည်း ချမှတ်ထားရမှာပဲ ဖြစ်ပါတယ်။ ၂။ တိတ်တိတ်နေဖို့ စကားနဲ့မပြောပဲ အရိပ်အမြွက်ပေးတာမျိုးလုပ်ပါ။ တခါတလေကျရင် “စာသင်နေချိန် စကားမပြောရ” ဆိုပြီး ဘယ်လိုပဲ စည်းမျဉ်းတွေချထားထား တချို့ကလေးတွေကတော့ ပြောနေကြဦးမှာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်တာ အကြိမ်ရေများလာပြီဆိုရင်တော့ စကားပြောမရပ်တဲ့အဖွဲ့ကို နေရာခွဲထိုင်ခိုင်းပြီး မျက်စိတောက်လျှောက်ကြည့်လို့ရအောင် ကိုယ်နဲ့နီးတဲ့နေရာမှာထားပါ။ တခါတလေမှဖြစ်တာမျိုးဆိုရင်တော့ စာသင်တာရပ်ပြီး အဲ့လိုလုပ်မယ့်အစား စကားပြောနေတဲ့ကျောင်းသားဆီကိုသွား၊ သူ့စားပွဲလေးကို အသာလေးပုတ်ပြီး ကိုယ့်နှုတ်ခမ်းကို ဇစ်ပိတ်တဲ့ ဟန်လုပ်ပြပါ။ စကားဆက်မပြောအောင် သူ့စားပွဲနားမှာ ခဏလောက်နေပြီး နောက်မှကိုယ်သွားချင်တဲ့နေရာသွားပါ။   ၃။ Point တွေနဲ့ ဆုပေးတဲ့စနစ်ကို ကျင့်သုံးပါ။ တိတ်တိတ်လေးနေဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတဲ့အရာတစ်ခုပါ၊ အထူးသဖြင့် ကျောင်းသားငယ်လေးတွေပေါ့။ အဲ့ဒါကြောင့် သူတို့လေးတွေ အတန်းထဲမှာ စကားမပြောပဲ နေတတ်လာအောင် နှစ်စကတည်းက Point တွေနဲ့ ဆုပေးတဲ့စနစ်ကို အကျင့်လုပ်ထားလို့ရပါတယ်။ နှစ်စမှာ ကျောင်းသားတိုင်းကို တူညီတဲ့ Point တွေ ပေးထားမယ်။ပြီးရင် အတန်းထဲမှာ သူတို့ရဲ့ ပြုမူနေထိုင်ပုံကိုလိုက်ပြီး Point တွေကို အတိုးအလျှော့လုပ်သွားမယ်။ ဒီတော့မှ နှစ်ကုန်သွားတဲ့အချိန် Point အများဆုံးကျန်တဲ့ ကျောင်းသားကို ဆုသေးသေးလေး တစ်ခုခုလောက်ပေးတာပဲဖြစ်ဖြစ် အခွင့်ထူးနည်းနည်းလောက်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ ၄။ စကားများတဲ့ကျောင်းသားကို စာပိုပေးပါ။ တချို့ကျောင်းသားတွေကျတော့လည်း စာပြီးသွားပြီး လုပ်စရာမရှိလို့ ပျင်းလာလို့ စကားများကြတာပါ။ အဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့ ကိုယ်တခြားကလေးတွေကို သင်နေတုန်း သူတို့လေးတွေကို စာထပ်ပေးပြီး ကြိုဖတ်ထားခိုင်းတာမျိုး ဒါမှမဟုတ် တခြားတစ်ခုခု လုပ်ထားခိုင်းထားတာမျိုး လုပ်နိုင်ပါတယ်။  ဒီနည်းနဲ့ သူတို့လည်း လုပ်စရာရှိတာလုပ် ကိုယ်လည်း စာကို အနှောင့်အယှက်မရှိ သင်လို့ရပါတယ်။ ၅။ စကားများတဲ့ကလေးကို အတန်းခေါင်းဆောင်ခန့်လိုက်ပါ။ တချို့ကျောင်းသားတွေက ကိုယ်ဘယ်လောက်ပဲ အာပေါက်အောင်ပြောနေပါစေ စကားများတဲ့အကျင့်က ပျောက်မသွားပဲ အမြဲတမ်းလိုလို အတန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလို လွန်လွန်ကဲကဲအခြေအနေမျိုးတွေဆိုရင်တော့ အဲ့ဒီကလေးတွေကို အတန်းထဲမှာ စကားများတာမျိုးမရှိအောင် စောင့်ကြည့်ရတဲ့ အတန်းခေါင်းဆောင်ခန့်လိုက်တာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အတန်းခေါင်းဆောင်ဆိုရင် အတန်းသားတွေသူ့ကိုလေးစားမှ သူပြောတာလိုက်နာမှာဆိုတော့ အနည်းဆုံးတော့ သူတို့လေးတွေ တိတ်တိတ်နေရခြင်းရဲ့တန်ဖိုးကို ဒီနည်းနဲ့ သဘောပေါက်သွားမှာပါ။ ၆။ မတတ်နိုင်တဲ့အဆုံးမှ မိဘခေါ်တွေ့ပါ။ အတန်းကို အနှောင့်အယှက်ဖြစ်စေပြီး ချော့တစ်လှည့်ခြောက်တစ်ခါ ဘယ်နည်းနဲ့မှ ကိုယ်ပြောလို့ စကားပြောမရပ်တဲ့ကလေး နားမထောင်တဲ့ကလေး ရှိခဲ့မယ်ဆိုရင် မိဘခေါ်တွေ့ဖို့ သင့်နေပါပြီ။ အဲ့လိုတွေ့တော့မှ ကလေး စကားအရမ်းများရတဲ့အကြောင်းအရင်းကို တွေ့ရှိနိုင်မှာဖြစ်ပြီး ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ သိရှိနိုင်မှာပဲဖြစ်ပါတယ်။    မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။ ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ Source: The Teachers Digest

Friday, 17 August 2018 16:50

အိမ်စာမလုပ်ချင်တဲ့ကလေးများကို ဒီနည်းလမ်းဖြင့် ဖြေရှင်းကြည့်လိုက်ပါ

မိဘတစ်ယောက်အနေနဲ့ သင့်ကလေးကို အိပ်ဖို့၊ အသီးအရွက်စားဖို့၊ ပြီးတော့ အိမ်စာလုပ်ဖို့ တတွတ်တွတ်ပြောရတာတွေ ကြုံတွေ့ရနိုင်ပြီး တခါတလေ အဲ့ဒါတွေအတွက်နဲ့ အိမ်မှာဆူညံပူညံဖြစ်ရတာတွေ ရှိနိုင်ပါတယ်။

Friday, 17 August 2018 15:47

သူငယ်တန်းပြီးသွားတဲ့အခါ သင့်ကလေးဆီက မျှော်လင့်နိုင်တဲ့အရာတွေ

သူငယ်တန်းမှာဆိုရင် စာမေးပွဲတွေဘာတွေလည်းမရှိဘူး ဖတ်စာအုပ်တွေလဲမရှိတော့ဘူးဆိုတော့ တစ်နှစ်ကုန်ဆုံးတဲ့အခါ မိမိကလေးလေး ဘာတွေများ တတ်ခဲ့ပြီလဲ သိချင်နေတဲ့ မေမေတွေ ဖတ်ကြည့်သင့်ပါတယ်။

Wednesday, 23 May 2018 13:33

ပထမဆုံး ကျောင်းစတက်မယ့် ကလေးငယ်များကို ဘာတွေပြင်ဆင်ပေးရမလဲ

ကျောင်းစနေမယ့် ကလေးတို့ ကျောင်းဖွင့်ကာလကို အသား ကျကျဖြတ်ကျော်နိုင်ဖို့ ကျောင်း မနေခင် မိဘတို့အနေနဲ့ ပြင်ဆင်ထားနိုင်တဲ့ နည်းလမ်းတစ်ချို့ ကို ဖော်ပြပေး လိုက်ပါတယ်။ ၁. ကလေးနဲ့အတူ ကျောင်းကို သွားရောက်လေ့လာ ထားခြင်း။ ကလေးနဲ့အတူ ကျောင်းကို သွားရောက်လေ့လာ ထားပြီး ကျောင်းဧရိယာအတွင်း လိုအပ်တဲ့ နေရာလေး တွေကို လိုက်လံပြသပေးထားခြင်းဟာ ကလေးအတွက် တကယ့်အထောက် အကူပြုစေမှုတွေ ဘဲဖြစ်ပါတယ်။ ဒီနေရာလေးက အိမ်သာဖြစ်ပြီး ၊ ဒီနေရာလေးမှာတော့ ကလေး မုန့်ဝယ်လို့ရတယ်၊ ဒါကတော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ကြီး ကစားမယ့် ကစားကွင်း အစရှိသဖြင့် လိုက်ပြပေးထားခြင်းဟာ ကလေးအတွက် အစိမ်းသက်သက် မဖြစ်နေစေဘဲ ကျင့်သားရနေစေဖို့ ဖြစ်ပါတယ်။ ၂. ဆရာမတွေနဲ့ တွေ့ဆုံရင်းနှီးပေးထားခြင်း။ ကလေး တက်ရမယ့်ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံနှုတ်ဆက်ပြီး ရင်းနှီးမှုပြုထားခြင်းဟာလည်း ကလေးကို ခွန်အားဖြစ်စေဖို့တွန်းအားဖြစ်သလို ဆရာမနဲ့တွေ့တဲ့အခါ ယဉ်ကျေးလိမ္မာစွာ နှုတ်ဆက်ပြုမှုပုံ တွေကိုလည်း သင်ပေးထားခြင်းဖြင့် ကလေးအတွက် ကြုံတွေ့ရမယ့် အနေအထား တစ်ခုအပေါ် သဘောပေါက် နားလည်စေဖို့ အထောက်အကူတစ်ခုဘဲဖြစ်ပါတယ်။ ၃. ကလေးအတွက် ကျောင်းသုံးပစ္စည်း ကိရိယာတွေကို အတူတကွ သွားရောက်ဝယ်ယူခြင်း။ ကလေး ကျောင်းတက်ဖို့အတွက် ကျောင်းသုံး ပစ္စည်းလေးတွေ၊ ကျောင်းဝတ်စုံလေးတွေ၊ ဖိနပ်လေးတွေ၊ ထမင်းဘူးလှလှလေးတွေကို မိခင်နဲ့အတူတကွ သွားရောက် ဝယ်ယူခြင်းဖြင့် ကလေးအား ပျော်ရွှင်စေသလို ကလေးရဲ့စိတ်ထဲမှာ ကျောင်းတက်ရမယ်ဆိုတဲ့ နားလည်မှုတစ်ခု ရရှိစေဖို့ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ ၄. ကလေးအား သိမှတ်စရာများကို သင်ပေးထားပါ။ ကလေးအား မိမိနာမည်ကို ပီသစွာ ပြောတတ်အောင် သင်ပေးထားခြင်း၊ မိမိနာမည်အား ရေးသားထားခြင်းကို မှတ်မိအောင်လေ့ကျင့်ပေးထားခြင်း၊ အက္ခရာစာလုံးတွေ ၊ ကဗျာလေးတွေကို ပီသရှင်းလင်းစွာ ရွတ်ဆိုတတ် အောင် သင်ပေးထားခြင်း၊ အိမ်သာ ဘယ်လိုသွားရမယ် ဆိုတာကို သင်ပေးထားခြင်း၊ အစာမစားခင်နဲ့ အစာစားပြီးတိုင်း လက်ကို စင်ကြယ်အောင် ဆေးတတ်ဖို့ လေ့ကျင့်ပေးထားခြင်း၊ အတန်းထဲမှာ သူငယ်ချင်းတွေနဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်တတ်ဖို့ လေ့ကျင့်ပေးထားခြင်း အစရှိတဲ့ သင်ကြားလေ့ကျင့်ပေး ထားခြင်းဟာလည်း ကလေး ရဲ့ပတ်ဝန်းကျင် အသစ်မှာ အလေ့အကျင့်ဖြစ်နေစေဖို့ အထောက်အကူပြုခြင်း တစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် မိခင်တို့အနေနဲ့ ကလေးအားကျောင်းပို့တဲ့အခါ ကလေးသွားရမယ့် ကျောင်းပတ်ဝန်းကျင်ဟာ သူငယ်ချင်း အသစ်တွေနဲ့ ပျော်ရွှင်စရာ ကစားကြရမယ့်နေရာ၊ သူငယ်ချင်းတွေနဲ့အတူတူ ပျော်ရွှင်စွာ စာတွေရေး၊ ကဗျာတွေဆိုရမယ့် နေရာတစ်ခု အဖြစ် တကယ့်ပျော်ရွှင်ဖွယ်နေရာလေး တစ်ခုဖြစ်တယ်ဆိုတာ ပြောဆိုပေးထားခြင်းဖြင့် ကလေးတို့အတွက် ကြောက်စိတ်တွေ ကင်းဝေးပြီး တက်ကြွရွှင်လန်းနေစေ မှာဖြစ်ပါတယ်။ မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။ ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Thursday, 05 April 2018 15:43

ကောင်းတဲ့ ပညာ ရေးနဲ့ ညံ့တဲ့ ပညာ ရေးတို့ရဲ့ ကွာခြားချက် (၈)ချက်

ပညာရေးကို ရွေးချယ်တဲ့အခါ ကောင်းမွန်မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်စေဖို့ ကောင်းမွန်တဲ့ ပညာရေးနဲ့ ညံ့ဖျင်းတဲ့ပညာရေးတို့ရဲ့ ကွာဟချက်ကို ခွဲခြားသိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Wednesday, 04 April 2018 17:42

ဆရာ၊ ဆရာမများ ပိုင်ဆိုင်ထားသင့်သော အရည်အချင်းများ

ပညာသင်ကြားရေးကို ရွေးချယ်ကြသော ဆရာဆရာမများအဖို့ ဆိုရိုးစကားအတိုင်း စေတနာ ၀ါသနာ အနစ်နာဟူသော နာသုံးနာစိတ်ထား ပိုင်ဆိုင်ထားကြပြီး ကိုယ့်ဝါသနာကို တစိုက်မတ်မတ် အားကြိုးမာန်တက် ကြိုးစားနေဖို့ လိုအပ်ပါတယ်။

Wednesday, 04 April 2018 16:58

မိဘများ သား၊ သမီးများအပေါ် မှားယွင်းတတ်သောအုပ်ထိန်းမှုအချက် ၅ချက်

ယနေ့ခေတ်တွင် မိဘအများစုက မိမိသားသမီးများ၏ ပညာရေးကို အထူးဦးစားပေး ဆောင်ရွက်လာတာကို တွေ့ရပါတယ်။

Wednesday, 17 May 2017 14:58

ကျောင်းနေစအရွယ် ကလေးများအတွက် ဘာတွေပြင်ဆင်ပေးရမလဲ

ကျောင်းစနေမယ့် ကလေးတို့ ကျောင်းဖွင့်ကာလကို အသား ကျကျဖြတ်ကျော်နိုင်ဖို့ ကျောင်း မနေခင် မိဘတို့အနေနဲ့ ပြင်ဆင်ထားနိုင်တဲ့ နည်းလမ်းတစ်ချို့ ကို ဖော်ပြပေး လိုက်ပါတယ်။

Wednesday, 15 February 2017 10:48

ကလေးငယ်များအတွက် နွေရာသီအထူးသင်တန်းများ

ယနေ့ ခေတ် မိဘများသည် မိမိတို့၏ သားသမီးများကို နွေရာသီကျောင်းပိတ်ရက်များတွင် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊

Monday, 06 February 2017 17:29

မိဘများ မှားယွင်းတတ်သောအုပ်ထိန်းမှုအချက် ၅ချက်

မိဘများ မှားယွင်းတတ်သောအုပ်ထိန်းမှုအချက် ၅ချက် ယနေ့ခေတ်တွင် မိဘအများစုက မိမိသားသမီးများ၏ ပညာရေးကို အထူးဦးစားပေး ဆောင်ရွက်လာတာကို တွေ့ရပါတယ်။